
အရှေ့အလယ်ပိုင်း ဒေသသည် အမေရိကန် ပုလိပ်ကြီးကို မလိုအပ်ကြောင်း အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန်ကြား ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြချိန်တွင် အရှေ့အလယ်ပိုင်းဒေသအနေဖြင့် အမေရိကန်ကို ဒေသတွင်း ပုလိပ်ကြီးအဖြစ် ရှိနေရန် မလိုအပ်တော့ကြောင်း ပီဇက်ရှ်ကီယန်က ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ ဒေသတွင်း ပုလိပ်တစ်ဦး ရှိနေဖို့ မလိုအပ်ပါဘူး။ ဒေသတွင်း နယ်မြေပိုင်ဆိုင်မှု စိုးမိုးရေးနဲ့ လုံခြုံရေးကို အဓိက ပါဝင်ပတ်သက်သူတွေနဲ့ ဒေသတွင်း ပါဝင်တဲ့ နိုင်ငံတွေကပဲ အာမခံချက် ပေးနိုင်မှာ ဖြစ်ပါတယ်" ဟု အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် BRICS ထိပ်သီးအစည်းအဝေးတွင် ပီဇက်ရှ်ကီယန်က မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် သီးခြားတွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု အီရန် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးခဲ့ရပြီးနောက် အီရန်သည် စစ်ပွဲအတွင်း ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အီရန်သည် ဒေသတွင်းနိုင်ငံများကို တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ယခင်က ကမ္ဘာ့ရေနံ ထောက်ပံ့မှု ၅ ပုံ ၁ ပုံခန့် ဖြတ်သန်းစီးဆင်းခဲ့သည့် ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့ခဲ့သည်။
ထိုအချိန်မှစ၍ အီရန်နှင့် အမေရိကန်တို့သည် အဆိုပါ မဟာဗျူဟာမြောက် ရေလမ်းကြောင်းကို ထိန်းချုပ်နိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိကြသည်။
စစ်ပွဲမဖြစ်မီက အဆိုပါ ရေလက်ကြားကို လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ခဲ့သော်လည်း ယခုအခါ အီရန်က သင်္ဘောများအနေဖြင့် ခွင့်ပြုချက်ရယူရန် တောင်းဆိုထားပြီး ဝန်ဆောင်ခများ ကောက်ခံနိုင်မည့် နည်းလမ်းတစ်ခုကိုလည်း စဉ်းစားဆောင်ရွက်လျက်ရှိသည်။
လိုက်နာဆောင်ရွက်ခြင်းမရှိသည့် သင်္ဘောများကို အီရန်ဘက်က ပုံမှန်တိုက်ခိုက်လျက်ရှိပြီး အမေရိကန်ကလည်း ရေလက်ကြားကို အီရန်နိုင်ငံ၏ ထိန်းချုပ်မှုကို စိန်ခေါ်သည့်အနေဖြင့် အီရန် ကမ်းရိုးတန်းများကို ကာလအပိုင်းအခြားအလိုက် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
အရှေ့အလယ်ပိုင်း စစ်ပွဲဖြစ်ပွားခဲ့သည်မှာ ၆ လကျော် ကြာမြင့်လာပြီဖြစ်သော်လည်း အဆိုပါ ပိတ်ဆို့မှုကြောင့် ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး ယခုသီတင်းပတ်အတွင်း ရေနံတစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်သွားခဲ့သည်။
"ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ မတရားမှုမျိုးစုံကို ခံစားခဲ့ရပေမဲ့ စစ်ပွဲကို ဖြစ်ချင်စိတ်လည်း မရှိသလို ဆက်လက်ဖြစ်ပွားနေတာကိုလည်း မလိုလားပါဘူး။ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့ရဲ့ ပထမဦးစားပေး အရာပဲ ဖြစ်ပါတယ်" ဟု ပီဇက်ရှ်ကီယန်က ပြောကြားခဲ့သည်။
Ref: AFP