
ဗီယက်နမ်နိုင်ငံ အန်ဇန်းပြည်နယ်၊ ဆမ်တောင်တွင် တောင်ကမ်းပါးကို ထွင်းထုတည်ဆောက်နေသည့် အမြင့် ၈၁ မီတာရှိ ဗုဒ္ဓရုပ်ပွားတော်ကြီးမှာ လက်ရှိတွင် လုပ်ငန်းစဉ် ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။ ရုပ်ပွားတော် ပြီးစီးပါက ကမ္ဘာ့အမြင့်ဆုံး ကျောက်တောင်ထွင်းဗုဒ္ဓရုပ်ပွားတော်ကြီးအဖြစ် မှတ်တမ်းဝင်လာမည်ဟု မျှော်မှန်းထားသည်။
ဆမ်တောင်ယဉ်ကျေးမှုဥယျာဉ်ကို ဗုဒ္ဓဘာသာအခြေပြု အထင်ကရနေရာတစ်ခုအဖြစ် ဖော်ဆောင်နေခြင်းဖြစ်ပြီး ဗုဒ္ဓမြတ်စွာဘုရား၏ ဘဝဖြတ်သန်းမှုအဆင့်များကို ကိုယ်စားပြုသည့် ရုပ်ပွားတော်လေးဆူ ထည့်သွင်းတည်ဆောက်သွားမည်။
အဓိကရုပ်ပွားတော်က ၈၁ မီတာအမြင့်ရှိ တရားထိုင်နေသည့် သကျမုနိဗုဒ္ဓရုပ်ပွားတော်ဖြစ်ပြီး မွေးဖွားစ ဘုရားလောင်းကို သရုပ်ဖော်ထားသည့် ၂၁ မီတာအမြင့်ရှိ ရုပ်ပွားတော်၊ တရားကျင့်ကြံအားထုတ်နေသည်ကို မြင်ရမည့် ၃၅ မီတာအမြင့်ရှိ ဗုဒ္ဓရုပ်ပွားတော်နှင့် ပရိနိဗ္ဗာန်စံဝင်တော်မူသည်ကို သရုပ်ဖော်ထားသည့် အလျား ၄၉ မီတာရှိ ဗုဒ္ဓရုပ်ပွားတော်တို့ ပါဝင်မည်။
ရုပ်ပွားတော်များကို မီးခိုးရောင် ဂရန်နိုက်ကျောက်များ အသုံးပြု၍ ထွင်းထုတည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းတစ်ခုလုံးအတွက် ကျောက်တုံးပမာဏ ကုဗမီတာ ၁၉၈,၀၀၀ ခန့် ထုတ်ယူအသုံးပြုရန် ခန့်မှန်းထားသည်။လုပ်သား ၅၀ နီးပါးပါဝင်သည့် အဖွဲ့ နှစ်ဖွဲ့က ကျောက်သားဖယ်ရှားခြင်းနှင့် ရုပ်ပွားတော်ထွင်းထုခြင်း လုပ်ငန်းများကို တပြိုင်နက် ဆောင်ရွက်နေကြသည်။ လက်ရှိတွင် ရုပ်ပွားတော်၏ လက်နေရာအထိ ထွင်းထုပြီးပြီဖြစ်ပြီး လုပ်ငန်းတစ်ခုလုံး၏ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဟု သိရသည်။
၈၁ မီတာအမြင့်ရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး ပြီးစီးပါက တရုတ်နိုင်ငံ ၊ စီချွမ်ပြည်နယ်၏ ၇၁ မီတာအမြင့်ရှိ Leshan ဗုဒ္ဓရုပ်ပွားတော်ကြီးထက် ပိုမိုမြင့်မားကာ ကမ္ဘာ့အမြင့်ဆုံး ကျောက်တောင်ထွင်း ဗုဒ္ဓရုပ်ပွားတော်အဖြစ် မှတ်တမ်းဝင်လာမည်ဟု မျှော်မှန်းထားသည်။
ရုပ်ပွားတော်ကြီး၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ ဗီယက်နမ်ဒေါင် ၄၅၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းခန့်) ရှိသည်။ စီမံကိန်းအတွက် ရန်ပုံငွေများကို ဆမ်တောင်အထိမ်းအမှတ်အဆောက်အအုံနှင့် ဘုရားကျောင်းစီမံခန့်ခွဲရေးအဖွဲ့က ရရှိသည့်အလှူငွေများဖြင့် အဓိကဆောင်ရွက်နေခြင်းဖြစ်သည်။
ဗုဒ္ဓရုပ်ပွားတော်ကြီးကို ၂၀၂၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်ရန် ၊ ဆမ်တောင်ယဉ်ကျေးမှု ဥယျာဉ်တစ်ခုလုံးကို ၂၀၂၈ ခုနှစ် ဇွန်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားကာ အန်ဇန်းပြည်နယ်၏ ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုအသစ်တစ်ခု ဖြစ်လာတော့မည်။
Ref: VnExpress