
ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံပိုက်လိုင်းကို အီရတ်-အီရန် နယ်စပ်ဘက်မှ ဒရုန်းဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ပိတ်ထားခဲ့သည့် အီရန်နယ်စပ်ဂိတ်သုံးခုကို ပြန်လည်ဖွင့်လှစ်သွားမည်ဟု အီရတ်အာဏာပိုင်များက စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၁၁ ရက်က East-West ရေနံပိုက်လိုင်း တိုက်ခိုက်ခံရပြီးနောက် ဒရုန်းများကို အီရန်နယ်စပ်အနီးရှိ မစ်ဆန်ပြည်နယ်အတွင်းမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များကဆုံးဖြတ်ခဲ့ပြီးနောက်ဘဂ္ဂဒက်အစိုးရက မစ်ဆန်ပြည်နယ်၏တပ်မှူးကိုရာထူးမှ ထုတ်ပယ်ခဲ့သည်။
နယ်စပ်ချိုး ဖောက်မှုများကို တားဆီးရန်စစ်ဆင်ရေးများကို ပြန်လည်လုပ်ဆောင်ခြင်းနှင့် သတင်းထောက် လှမ်းမှုများကိုမြှင့်တင်ရန် လိုအပ်နေသည်ဟုဆိုကာ အီရတ်အစိုးရက နယ်စယ်ဂိတ်သုံးခုကို ပိတ်ခဲ့သည်။
မစ်ဆန်ပြည်နယ် အယ်လ်-ရှစ်ဘ်နယ်စပ်ဂိတ်အနီးတွင် ဒရုန်းလွှတ်လောင်ချာများကို တွေ့ရှိခဲ့ရကြောင်း အီရတ်လုံခြုံရေးသတင်း ရင်းမြစ်နှစ်ခုက AFP သတင်းဌာနကိုအတည်ပြုပြောကြားသည်။
နယ်စပ်ဂိတ်များ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ပြီးနောက် ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက် စက်တင်ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အစိုးရ၏လုံခြုံရေးမီဒီယာအဖွဲ့က စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုနယ်စပ်ဂိတ်များမှာ ဘာဆရာရှိ ရှာလမ်ရှာဂိတ်၊ မစ်ဆန်ရှိ အယ်လ်-ရှစ်ဘ်ဂိတ်နှင့် ဒီယာလာရှိ အယ်လ်-မန်ဒါလီဂိတ်တို့ ဖြစ်ကြသည်။
ရှာလမ်ရှာနှင့် အယ်လ်-ရှစ်ဘ် နယ်စပ်ဂိတ်များကို ခရီးသွားပြည်သူများအတွက် စက်တင်ဘာ ၁၃ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ကုန်စည်ကူးသန်းသွားလာမှုကိုမူ ခွင့်မပြုသေးကြောင်း အစိုးရသတင်းပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။