Eleven Media Group

အိမ်နီးချင်းနိုင်ငံများသို့ လျှပ်စစ်ဓာတ်အားရောင်းချနေသောလာအိုတွင် ဓာတ်အားပြတ်တောက်မှု မကြာခဏဖြစ်ပေါ်နေ၍ ဓာတ်အား ပြန်လည်တင်သွင်းနေရ

အရှေ့တောင်အာရှ၏ဘက်ထရီဟု မိမိဘာသာအမည်တပ်ပြီး ပြင်ပနှင့်ထိတွေ့ဆက်ဆံမှုနည်းကာ ဖွံ့ဖြိုးမှုနိမ့်ကျသည့် လာအိုနိုင်ငံသည် ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံအများအပြားဖြင့် အိမ်နီးချင်းနိုင်ငံများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည်ဆိုသော်လည်း မကြာခဏဖြစ်နေသည့် ဓာတ်အားပြတ်တောက်မှုများကြောင့် မိမိ၏ပြည်သူများမှာ မှောင်နှင့်မည်းမည်း ဖြစ်နေသည်။

ထိုင်းနှင့်ဗီယက်နမ်တို့ အပါအဝင် အိမ်နီးချင်းနိုင်ငံများကိုလျှပ်စစ်ဓာတ်အားတင်ပို့မှုများသည် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်ကုလသမဂ္ဂကသတ်မှတ်ထား‌သောကုန်းတွင်းပိတ် လာအိုနိုင်ငံအတွက်အဓိကကျ‌သော ဝင်ငွေအရင်းအမြစ်ဖြစ်သည်။

ထုတ်လုပ်သော လျှပ်ဓာတ်အား အများစုသည် နိုင်ငံ၏ပြင်ပကို ရောက်ရှိသွားပြီးသက်တမ်းရင့်နေသော ဓာတ်အားလိုင်းနှင့် ပေါင်းလိုက်သည့်အခါ ဓာတ်အားပြတ်တောက်မှု မကြာမကြာဖြစ်ပေါ်နေသည်။ ရံဖန်ရံခါ လိုအပ်ချက်ပြည့်မီရန် လျှပ်စစ် ဓာတ်အားကို တင်သွင်းနေရသည်။

ဗီယင်ကျင်း၌ အမှောင်ထုကျလာပြီးနောက် လျှပ်စစ်မီးပြတ်သွားသည့်အခါ မိသားစုတို့သည် အိမ်တွင်း၌ မွန်းကျပ်သော အပူဒဏ်ကိုရှောင်ရန် အပြင်ထွက်ကာ ဟိုဟိုဒီဒီလျှောက်သွားကြသည်။ လမ်းကိုမြင်ရအောင် ဖုန်း၏ဖလက်ရှ်မီးကို သုံးကြရသည်။

ပြည်သူ့ဆေးရုံကြီးနှစ်ခုထဲက ဆေးရုံကြီးတစ်ခုရှိကလေး အရေးပေါ်ကုသရေးဌာနရှိ ဆရာဝန်တစ်ဦးက ရုတ်တရက်ပိတ်သွားသော ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများကို မီးစက်များ မနှိုးမချင်း စောင့်ကြည့်ရလေ့ ရှိသည်။

အမည်ထုတ်မပြောသောဆရာဝန်က"ကျွန်မတို့ဟာ လွန်ခဲ့တဲ့သုံးလကနေ ခြောက်လမှာ အထူးသဖြင့် ကလေးဌာနမှာလျှပ်စစ်ပြဿနာတွေကို မကြာခဏရင်ဆိုင်ခဲ့ရပါတယ်"ဟု ပြောသည်။

"အသက်ရှူကိရိယာ ထိုးရပ်သွားပါတယ်။ ဒါပေမဲ့ ဆေးရုံမှာ မီးစက်ရှိပါတယ်"ဟု ဆိုသည်။

ဝါယာကြိုးအဟောင်းကြောင့် ဆေးရုံ၏ အပြင်ဘက် လမ်းကြားထဲတွင် ဝါယာရှော့ဖြစ်ပြီး ဓာတ်အားပြတ်သွားသည့် အခါ ဓာတ်မှန်၊ အယ်ထရာဆောင်း၊ အသက်ရှူကိရိယာတို့တွင် ဓာတ်အား မရတော့ဟု အမျိုးသမီဆရာဝန်က ပြောသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုသည် တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ်ဖြစ်သည်ဟု ဆိုသည်။ မီးပြတ်မည့်အကြောင်း ကြိုတင်ကြေညာလေ့ရှိသည်ဟု သိရသည်။

ဓာတ်အားပြန်ရသည့်အခါ ဗီယင်ကျန်းတစ်မြို့လုံးက "မီးလာပြီဟေ့"ဟု အော်ကြသည်ဟု ဆိုသည်။

လာအိုသည် စုစုပေါင်းထုတ်လုပ်ခဲ့သည့်လျှပ်စစ်ဓာတ်အား ပမာဏသုံးပုံနှစ်ပုံဝန်းကျင်ကို ၂၀၂၃ ခုနှစ်တွင် ပြည်ပသို့တင်ပို့ခဲ့သည်ဟုကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်အရသိရသည်။ ယခုအခါ တင်ပို့မှုပမာဏသည် ၂၀၂၃ ခုနှစ်တုန်းကထက်ပိုများသည်ဟုကျွမ်းကျင်သူများကပြောကြားပြီး၈၀ ရာခိုင်နှုန်း ဝန်းကျင်ရှိသည်ဟုသိရသည်။

၂၀၂၄ ခုနှစ်တွင် အဆုံးသတ်သော ၁၀ နှစ်တာကာလတွင် နှစ်စဉ်လျှပ်စစ်ဓာတ်အားတင်ပို့မှုသည် သုံးဆကျော်ရှိရာ 12 terawatt- hours မှ 38 terawatt-hours အထိရှိကြောင်း အစိုးရ၏ထုတ်ပြန်ချက်အရ သိရပြီး ထိုပမာဏသည် ပါရီမြို့ကို တစ်နှစ်ခွဲ ဓာတ်အားပေးရန် လုံလောက်သည်။

လာအိုသည် ၂၀၂၃ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ

၂ ဒသမ ၆၅ ဘီလျံရရှိခဲ့သည်ဟု အစိုးရ၏ ထုတ်ပြန်ချက် အရသိရသည်။ လာအိုတွင် လာရောက်လုပ်ကိုင်သော လုပ်ငန်းများကိုလည်း နိုင်ငံတော်က စာချုပ်များချုပ်ဆိုပြီး ရောင်းချပေးသည်ဟုဆိုသည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group