Eleven Media Group

အိန္ဒိယ-မြန်မာနယ်စပ်အနီး မဏိပူရပြည်နယ်တွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

အိန္ဒိယ-မြန်မာနယ်စပ်အနီး မဏိပူရပြည်နယ်တွင် အာသံရိုင်ဖယ်တပ်ဖွဲ့၏ ရှာဖွေမှုစစ်ဆင်ရေးအတွင်း လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း အိန္ဒိယတာဝန်ရှိသူများက ပြောကြားခဲ့သည်။

မဏိပူရပြည်နယ်၏ ချန်ဒဲလ်ခရိုင်တွင် နယ်စပ်မှတ်တိုင် ၅၃ နှင့် ၅၄ အနီးတွင် စက်တင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့သည့် အဆိုပါ စစ်ဆင်ရေးတွင် လျှို့ဝှက်သိုလှောင်ထားသည့် လက်နက်ခဲယမ်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဖွဲ့ဝင် ၂၂ ဦးပါဝင်သည့် အာသံရိုင်ဖယ် စစ်ဆင်ရေးတပ်ဖွဲ့သည် ထိုနေရာအနီးတစ်ဝိုက်တွင် ညလုံးပေါက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာ ၁၂ ရက် နံနက် ၆ နာရီခွဲတွင် နယ်စပ်မှတ်တိုင် ၅၄ အနီးတွင် လျှို့ဝှက်ထားသည့် သေတ္တာတစ်လုံးကို တွေ့ရှိခဲ့သည်။

ထိုသေတ္တာထဲတွင် လက်လုပ်သေနတ် သုံးလက်၊ ပြောင်းချောရိုင်ဖယ် ခြောက်လက်၊ ကာဘိုင် သုံးလက်၊ ဗုံးပစ်လောင်ချာ နှစ်လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ လက်လုပ်ဗုံး နှစ်လုံး၊ ကာဘိုင်ကျည်ကပ် သုံးခုနှင့် ၇ ဒသမ ၆၂ မမ ကျည်ဆန် ငါးတောင့် တို့ကို တွေ့ရှိခဲ့သည်။

ယခုကဲ့သို့ ထိလွယ်ရှလွယ်ရှသိသည့် နယ်စပ်ဒေသများတွင် လက်နက်ခဲယမ်းများကို ရှာဖွေဖော်ထုတ်နိုင်ခြင်းသည့် အချိန်မီ ထောက်လှမ်းရေးသတင်းရရှိမှုနှင့် လျင်မြန်သည့် စစ်ဆင်ရေးဖြင့် တုံ့ပြန်မှုများကို ပေါ်လွင်စေခဲ့ကြောင်း အာသံရိုင်ဖယ်တပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ စစ်ဆင်ရေးသည် ဖြစ်လာနိုင်ခြေရှိသည့် တရားမဝင် လှုပ်ရှားမှုများကို ကြိုတင်ဟန့်တားနိုင်ခဲ့ပြီး ချန်ဒဲလ်ခရိုင်အတွင်းရှိ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် လုံခြုံရေးကို ပိုမိုခိုင်မာအားကောင်းစေခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ပြောကြားခဲ့သည်။

Ref: India Today

မူရင်းသတင်း — Eleven Media Group