Myanmar National Post

အာဆီယံကော်မတီဝါရှင်တန် (ACW) ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ပါဝင်တက်ရောက်



ဝါရှင်တန်၊ စက်တင်ဘာ ၁၈

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးသည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် ဝါရှင်တန်မြို့အခြေစိုက် ကမ္ဘောဒီးယားသံရုံး၌ ကျင်းပသည့် အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington, ACW) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ အာဆီယံ သံအမတ်ကြီးများ၊ အခြားအာဆီယံသံရုံး အကြီးအကဲများနှင့် ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။ 

အဆိုပါ အခမ်းအနားတွင် ACW ၏ လက်ရှိဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Mr. Koy Kuong ထံမှ  အင်ဒိုနီးရှားသံအမတ်ကြီး H.E. Mr. Dwisuryo Indroyono Soesilo ထံသို့ အာဆီယံကော်မတီဝါရှင်တန် (ACW) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို တရားဝင် လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ACW ၏ လက်ရှိဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကမ္ဘောဒီးယား သံအမတ်ကြီးနှင့် ဥက္ကဋ္ဌတာဝန်လွှဲပြောင်းရယူသည့် အင်ဒိုနီးရှားသံအမတ်ကြီးတို့က အာဆီယံကော်မတီဝါရှင်တန် (ACW) မှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် လှုပ်ရှားမှုများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအစဉ်များနှင့် အာဆီယံနှင့် အမေရိကန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။

ယင်းနောက် ကမ္ဘောဒီးယားသံအမတ်ကြီးက အာဆီယံကော်မတီဝါရှင်တန်၏ ဥက္ကဋ္ဌ အမှတ်အသားဖြစ်သည့် “တူ”ကို အင်ဒိုနီးရှားသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အာဆီယံသံရုံး အကြီးအကဲများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။


#News #Myanmar 

မူရင်းသတင်း — Myanmar National Post