Eleven Media Group

‎ပဋိပက္ခ၊ ဆင်းရဲမွဲတေမှုနှင့် မြန်မာ့ "ရွှေမည်း" ကုန်သွယ်မှု မြင့်တက်လာခြင်း

‎လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ဆုံတွေ့ရာ တောင်ကုန်းထူထပ်သော သစ်တောနယ်မြေ ဖြစ်သည့် ရွှေတြိဂံဒေသသည် တစ်ချိန်က ကမ္ဘာ့ဘိန်းထုတ်လုပ်မှု၏ ဗဟိုချက် ဖြစ်ခဲ့သည်။

‎မူးယစ်ရာဇာများက ဘိန်းသီးမှ ထွက်ရှိသည့် ဘိန်းစေး သို့မဟုတ် ဘိန်းဆီများကို ၎င်းတို့၏ "ရွှေမည်း" ဟု ခေါ်ဆိုခဲ့ကြသည်။
‎ပုံမှန်အားဖြင့် ရေနံစိမ်းကို ရွှေမည်းဟု တင်စားခေါ်‌ဝေါ်လေ့ရှိသော်လည်း ရွှေတြိဂံဒေသရှိ မူးယစ်ရာဇာများအတွက်မူ ဘိန်းစေးသည် ရွှေမည်းဖြစ်သည်။

‎ထိုဘိန်းစေးများကို သန့်စင်ပြီးနောက် ဘိန်းဖြူအဖြစ် ရောင်းချကြသည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု၏ သုံးပုံနှစ်ပုံခန့်သည် ရွှေတြိဂံဒေသ၌ တည်ရှိခဲ့သည်။

‎ထို့နောက် အစိုးရများ၏ နှိမ်နင်းမှုများနှင့် အပြောင်းအလဲများ ပေါ်ပေါက်လာခဲ့သည်။ ၂၀၀၆ ခုနှစ်သို့ ရောက်ရှိချိန်တွင် ယင်းဒေသသည် ကမ္ဘာ့တရားမဝင် ဘိန်းထုတ်လုပ်မှု စုစုပေါင်း၏ ၅ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်၊၊

‎သို့သော် မြန်မာနိုင်ငံတွင်မူ ရွှေမည်းသည် ပြန်လည် ခေါင်းထောင်လာခဲ့သည်။

‎ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ရုံး (UNODC) ၏ အဆိုအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တရားမဝင် ဘိန်းထုတ်လုပ်သည့် အဓိက ပင်မရင်းမြစ်အဖြစ် နောက်တစ်ကြိမ် သတ်မှတ်ခံထားရပြန်သည်။ ထိုဘိန်းခင်းအများစုကို မြန်မာ အရှေ့ပိုင်း ရှမ်းပြည်နယ်တွင် စိုက်ပျိုးကြခြင်း ဖြစ်သည်။

‎မြန်မာနိုင်ငံ၏ ဘိန်းကုန်သွယ်မှု ပြန်လည်ဦးမော့လာရခြင်းမှာ ကမ္ဘာ့အခြားနေရာများတွင် ဖြစ်ပျက်နေသည့် အခြေအနေများနှင့် ဆက်စပ်နေသည်။

‎အခြား ဘိန်းထုတ်လုပ်သည့် နိုင်ငံဖြစ်သော အာဖဂန်နစ္စတန်ကို ကြည့်မည်ဆိုလျှင် တာလီဘန်အစိုးရသည် ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ ဘိန်းစိုက်တောင်သူများအပေါ် နည်းလမ်းအမျိုးမျိုး ကျင့်သုံးခဲ့ပြီး အချို့ကာလများတွင် ဘိန်းလုပ်ငန်းကို တရားဝင်အဖြစ်ပင် သတ်မှတ်ပေးခဲ့သည်။

‎သို့သော် အာဖဂန်မှ အမေရိကန်တပ်များ ထွက်ခွာသွားသည့် ၂၀၂၁ ခုနှစ်တွင် အာဏာပြန်ရလာခဲ့သည့် တာလီဘန်တို့သည် ဘိန်းစိုက်ပျိုးမှုကို ပြန်လည်ပိတ်ပင်ခဲ့သည်။
ရလဒ်အနေဖြင့် မြန်မာနိုင်ငံမှ ဘိန်းစိုက်တောင်သူများ၏ ဘိန်းဈေးနှုန်းများ မြင့်တက်သွားခဲ့ပြီး စျေးကောင်းရလာခဲ့သည်။

‎ထို့ပြင် ပြည်တွင်း ပဋိပက္ခများလည်း ဘိန်းကုန်သွယ်မှုကို ပိုမိုမြင့်တက်စေခဲ့သည်။

‎"ဒါဟာ ဆင်းရဲမွဲတေမှု ပြဿနာပါ" ဟု UNODC မှ ဒေသတွင်း ကိုယ်စားလှယ် ဂျရမီး ‌ဒေါက်ဂလပ်စ်က ပြောသည်။

‎၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာရယူခဲ့ပြီးနောက် နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်သူ ၅ ဒသမ ၂ သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လူပေါင်းများစွာ သေဆုံးခဲ့ရသည်။

‎လူဦးရေ၏ ထက်ဝက်ခန့်သည် ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရပြီး ယင်းသည် ၂၀၁၇ ခုနှစ်ကထက် ဆင်းရဲမွဲတေမှုနှုန်း နှစ်ဆ မြင့်တက်လာခြင်းဖြစ်သည်။

‎ဒေသခံ တောင်သူများအတွက်မူ ဘိန်းသည် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်လာခဲ့သည်။

‎ပြီးခဲ့သောနှစ်က မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးသည့် မြေဧရိယာသည် ၁၇ ရာခိုင်နှုန်း ထပ်မံမြင့်တက်လာခဲ့ပြီး ၁၀ နှစ်တာကာလအတွင်း အမြင့်ဆုံးစံချိန်သို့ ရောက်ရှိခဲ့သည်ဟု UNODC က ပြောသည်။

‎ထို့ကြောင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကလည်း စိုးရိမ်နေကြသည်။ ဘိန်းခင်းများသည် အိန္ဒိယနိုင်ငံ၏ မဏိပူရနှင့် မီဇိုရမ် ပြည်နယ်များနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အနောက်ဘက် ချင်းပြည်နယ်အထိ ပျံ့နှံ့လျက်ရှိသည်။

‎ပြီးခဲ့သည့်နှစ်အထိ မဏိပူရပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဘီရန် ဆင်းက ရွှေတြိဂံဒေသသည် အိန္ဒိယဘက်သို့ ရွေ့လျားလာခြင်းအပေါ် ဝမ်းနည်းမိကြောင်းနှင့် တာဝန်ရှိသူများအနေဖြင့် ဘိန်းခင်းများ၏အန္တရာယ်ကို ပြတ်ပြတ်သားသား နှိမ်နင်းကြရန် တိုက်တွန်းခဲ့သည်။

‎ထိုင်းနိုင်ငံကလည်း စိုးရိမ်ပူပန်လျက်ရှိသည်။ မူးယစ်မှောင်ခိုသမားများသည် ၎င်းတို့၏ မူးယစ်ဆေးဝါးများကို သယ်ယူပို့ဆောင်ရန် ထိုင်းနိုင်ငံ၏ ကောင်းမွန်သော လမ်းကွန်ရက်များကို အသုံးပြုလေ့ရှိကြသည်။

‎ထိုင်းနယ်စပ်မြို့အချို့တွင် မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်းသည် ငါးနှစ်အတွင်း သုံးဆအထိ မြင့်တက်လာခဲ့ပြီး၊ ဒေသတွင်း ထွက်ရှိသော ဘိန်းများ ပိုမိုများပြားလာခြင်းသည် ယင်းကဲ့သို့ မူးယစ်ဆေးသုံးစွဲမှုနှုန်း မြင့်တက်စေခဲ့သည့် အကြောင်းအရင်းတစ်ခု ဖြစ်သည်။

‎သြဂုတ်လအတွင်းက မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ဘန်ကောက်မြို့၌ ထိုင်းဝန်ကြီးချုပ်အနူတင် ချန်ဗီရာကူလ်နှင့် တွေ့ဆုံခဲ့ပြီး မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။

‎ထိုင်းကျွမ်းကျင်သူများသည် ထိုင်းနိုင်ငံပိုင် နယ်နိမိတ်များအတွင်းမှ ဘိန်းစိုက်ခင်းများကို ပပျောက်အောင် ဆောင်ရွက်ခဲ့သည့် နည်းလမ်းများကို မြန်မာနိုင်ငံ၌ စမ်းသပ်လုပ်ဆောင်နိုင်ရန် UNODC နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

‎ယင်းနည်းလမ်းများအနက် အဓိကကျသည်မှာ အစားထိုးသီးနှံ စိုက်ပျိုးရေး ဖြစ်သည်။

‎ထိုနည်းလမ်းတွင် တောင်သူများကို ဘိန်းအစား သစ်သီးဝလံများကဲ့သို့သော အခြား စီးပွားဖြစ် သီးနှံများ ပြောင်းလဲစိုက်ပျိုးရန် ငွေကြေး ထောက်ပံ့ပေးခြင်း ပါဝင်သည်။

‎UNODC သည် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် ပူးပေါင်းပြီး ကော်ဖီစိုက်ပျိုးရေး လုပ်ငန်းများကို ကူညီပံ့ပိုးပေးလျက်ရှိသည်။

‎ကုလသမဂ္ဂအနေဖြင့် ဝင်ရောက်လုပ်ကိုင်ခွင့်ရသည့် ဒေသများတွင် ထိုစီမံကိန်းသည် အောင်မြင်မှုရှိကြောင်း မစ္စတာ ဒေါက်ဂလပ်စ် က ပြောကြားခဲ့သော်လည်း ယင်းစီမံကိန်းများကို တိုးချဲ့ဆောင်ရွက်ရန်မှာ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

‎နယ်စပ်ဒေသများတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကြား နယ်မြေထိန်းချုပ်မှုများ ရှုပ်ထွေးနေသဖြင့် ဘိန်းပပျောက်ရေး ကြိုးပမ်းမှုများကို ပိုမိုခက်ခဲစေသည်။
‎တောင်သူအများစုကလည်း အခြားသီးနှံများ စိုက်ပျိုးခြင်းထက် ဘိန်းစိုက်ပျိုးခြင်းသည် ပိုမိုစိတ်ချရသည့် ဝင်ငွေရင်းမြစ်ဖြစ်သည်ဟု ယူဆထားကြသည်။ စိုက်ပျိုးမြေ တစ်ဟက်တာလျှင် ဘိန်းစေးသည် အချို့သော ကော်ဖီသီးနှံများထက် ဝင်ငွေ သုံးဆခန့် ပိုမိုရရှိစေသည်။

‎ထိုင်းနိုင်ငံသည် ၁၉၅၈ ခုနှစ်တွင် ဘိန်းကုန်သွယ်မှုကို ပိတ်ပင်ခဲ့ပြီးနောက် ၎င်း၏ တောင်တန်းဒေသများမှ ဘိန်းစိုက်ခင်းများကို ပပျောက်အောင် ဆောင်ရွက်ရန် ရာစုနှစ်ဝက်ခန့် အချိန်ယူခဲ့ရသည်။

‎ထိုအချိန်က ထိုင်းနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ငွေကြေးအင်အားရှိခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင်မူ ငြိမ်းချမ်းရေးရော ငွေကြေးအင်အားပါရှိမနေပေ။

‎Ref: The Economist

မူရင်းသတင်း — Eleven Media Group