Eleven Media Group

■ ခမောက်ကြီးမြို့နယ်တွင် တောင်ကျရေဆင်းလာမှုကြောင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရ

တနင်္သာရီတိုင်းဒေသကြီး ခမောက်ကြီးမြို့နယ်တွင် တောင်ကျရေဆင်းလာမှုကြောင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်တွင် စက်တင်ဘာ ၁၇ ရက် ညပိုင်းအချိန်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ခမောက်ကြီးချောင်း ရေမြင့်တက်ကာ ရပ်ကွက် (၁) အတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ကျရေများ ဆင်းလာမှုကြောင့် နေအိမ်များ ရေနစ်မြုပ်ခဲ့ရသကဲ့သို့ ရန်ကုန်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး၏ အစိတ်အပိုင်းများလည်း ရေလွှမ်းခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ရေနစ်မြုပ်မှုခံစားခဲ့ရသည့် ရေဘေးသင့်ပြည်သူများကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးနှင့် ပရဟိတအဖွဲ့များ၊ ဒေသခံများ ပူးပေါင်း၍ ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခြင်း၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ ပို့ဆောင်ခြင်းနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တောင်ကျရေစီးဆင်းလာမှုကြောင့် ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ် အရှည်ပေ ၂၀၀ ခန့် ရေကျော်နေသဖြင့် ယာဉ်များ ဘေးကင်းစွာသွားလာနိုင်ရေး လမ်းကြောင်းပြအမှတ်အသားများ ပြုလုပ်ပေးကာ ရေချောင်းအခြေအနေကို စောင့်ကြည့်၍ လိုအပ်သည့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group