
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ မြို့နယ် ငါးဖယ်ချောင်း ကျေးရွာအုပ်စု ပျားပင်တောင်ကျေးရွာတွင် မိုးသက်လေပြင်း တိုက်ခတ်ခြင်းကြောင့် နေအိမ်ပေါင်း ၃၁ လုံး အမိုးလန် ပျက်စီးဆုံးရှုံးမှု ရှိကြောင်း ဒေသခံ ထံမှ သိရသည်။
ပျားပင်တောင်ရွာ တွင် စက်တင်ဘာလ ၂၇ ရက် ညနေပိုင်း ၃ နာရီကျော် အချိန်တွင် မိုးသက်လေပြင်း တိုက်ခတ်ခြင်းကြောင့် နေအိမ် ၃၁ လုံး ထိခိုက်ပျက်စီးကာ အမိုးလန် ပျက်စီးခဲ့ကြောင်း ၊ လူ နှင့် တိရစ္ဆာန် ထိခိုက် သေဆုံးမှုမရှိကြောင်း အင်းလေးဒေသခံ ပြောပြချက်အရ သိရသည်။
“ပျက်စီးသွားတဲ့ နေအိမ်ရှင် တွေ အတွက်တော့ အလှူရှင် တွေ လိုအပ်နိုင်ပါတယ်။ လဲသွားတဲ့ ဝါးအိမ် တွေ အတွက်ပေါ့။ ဝါးအိမ်လည်းပါသလို အိမ်ကောင်းတွေ ကတော့ အမိုးလန် ပျက်စီးတာလည်း ပါတယ်”ဟု ညောင်ရွှေ ဒေသခံ ကိုစိုးမင်းလတ် က ပြောသည်။
ကလောမြို့နယ်၊ မြင်းမထိကျေးရွာတွင်လည်း ညနေ ၃ နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်နေချိန် စေတီတစ်ဆူ၏ အပေါ်ရှိ ဆိုလာမီးသီး မိုးကြိုးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ ညနေ ၅ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်း ရပ်ကွက်၊ သီတာလမ်းရှိ ကျောက်ထင်းရှူးပင် တစ်ပင်အမြစ်မှ လဲကျပြီး ဆက်သွယ်ရေးဖုန်းကြိုးများ သွယ်တန်းထားသည့် ကွန်ကရစ်တိုင်ပေါ် ကျရောက်သဖြင့် တိုင်နှင့် ဆက်သွယ်ရေးကြိုးများ ပျက်စီးခဲ့သေးကြောင်း သိရသည်။
ဓါတ်ပုံ -ကိုစိုးမင်းလတ်