Eleven Media Group

အားကောင်းသောမုန်တိုင်းငယ် ဖြတ်ကျော်မည့် မွန်ပြည်နယ်အတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် သစ်ပင်များလဲကျ

အားကောင်းသောမုန်တိုင်းငယ် ဖြတ်ကျော်မည့် မွန်ပြည်နယ်အတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် သစ်ပင်များလဲကျကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

စက်တင်ဘာ ၂၈ ရက် ညနေ ၃ နာရီခန့်တွင် မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ မြို့မဈေးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် မော်လမြိုင်မြို့နယ်၊ မွန်မင်းလမ်းနှင့် သရက်တောလမ်းထောင့်တွင် သစ်ပင်များလဲကျပြီး လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် သံဖြူဇရပ်မြို့နယ်မီးသတ်စခန်းနှင့် မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ ညနေ ၄ နာရီခွဲခန့်တွင် မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မုဒုံမြို့၊ ကျောက်တစ်လုံးကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်လမ်းဘေးတွင် သစ်ပင်လဲကျနေကြောင်း သတင်းရရှိသဖြင့် မုဒုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲ အချိန် တိုင်းထွာချက်များအရ အားကောင်းသောမုန်တိုင်းငယ် လာမည့် ၆ နာရီအတွင်း ရန်ကုန်တိုင်း သုံးခွနှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့အကြား ဖြတ်ကျော်မည်ဟု မိုးဇလက ခန့်မှန်းထားကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group