Eleven Media Group

ထရန့်နှင့်တွေ့ပြီးနောက် ဗင်နီဇွဲလားအစိုးရက နိုင်ငံရေးအကျဉ်းသား ၃၉ ဦးကို ပြန်လွှတ်

အမေရိကန်၏ထောက်ခံမှုဖြင့် ဗင်နီဇွဲလားယာယီအစိုးရနှင့် အတိုက်အခံတို့ကြား ဒုတိယအကြိမ် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၃၉ ဦး လွတ်မြောက်လာခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့ JEP ၏ အဆိုအရ စက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်အတွင်း အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား ၃၉ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ ၎င်းတို့ထဲတွင် ၂၀၂၁ ခုနှစ်က မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် အကြမ်းဖက်မှုဖြင့် စွပ်စွဲခံထားရသည့် အမျိုးသမီးရှစ်ဦးနှင့် ၂၀၂၀ ခုနှစ်တွင် သမ္မတဟောင်း နီကိုလတ်စ် မာဒူရိုကို ဖြုတ်ချရန် ကြိုးပမ်းမှု၌ အမေရိကန်နှင့် ပူးပေါင်းခဲ့သည်ဟု စွပ်စွဲခံထားရသူခြောက်ဦးတို့ ပါဝင်သည်။

ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂက်ဇ် ဦးဆောင်သည့် အစိုးရနှင့် အတိုက်အခံတို့ကြား ဒုတိယအကြိမ် ဆွေးနွေးပွဲအပြီး ၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပသည့် နယူးယောက်မြို့တွင် ယာယီသမ္မတ ရိုဒရီဂက်ဇ်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ တွေ့ဆုံခဲ့အပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်းဖြစ်သည်။ ရိုဒရီဂက်ဇ်သည် ယခင်သမ္မတ မာဒူရိုလက်ထက်တွင် ဒုတိယသမ္မတအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

ဆွေးနွေးပွဲများကို အမေရိကန်၏ သဘောတူညီချက်ဖြင့် ပြုလုပ်နေခြင်းဖြစ်သည်။ အမေရိကန်က ဇန်နဝါရီတွင် မာဒူရိုကို ရာထူးမှ ဖယ်ရှားလိုက်ပြီးနောက် အစိုးရနှင့် အတိုက်အခံတို့ကြား ဆွေးနွေးမှုများ စတင်ခဲ့သည်။ အမေရိကန်၏ ဖိအားပေးမှုများကြောင့် ရိုဒရီဂက်ဇ်သည် ဖေဖော်ဝါရီတွင် လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ သို့သော် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး လုပ်ငန်းစဉ်က နှေးကွေးနေဆဲဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကို စောင့်ကြည့်မှတ်တမ်းတင်သည့် လူ့အခွင့်အရေးအဖွဲ့ Foro Penal ၏ အဆိုအရ စက်တင်ဘာ ၁၈ ရက်အထိ ဗင်နီဇွဲလားတွင် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခံထားရသူ ၃၄၄ ဦး ကျန်နေသေးသည်။

Ref: Al Jazeera ,Photo: Getty Images / AP

မူရင်းသတင်း — Eleven Media Group