
■ လာမည့် ၃၆ နာရီအတွင်း ရန်ကုန်၊ ပဲခူးနှင့် မကွေးတိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်
မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး ယင်းအားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး လာမည့် ၆ နာရီအတွင်း ရန်ကုန်တိုင်း သုံးခွမြို့နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တို့အကြားမှ ဖြတ်ကျော်နိုင်ကြောင်း သိရသည်။
စက်တင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့ (Mawlamyine)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၀ မိုင်ခန့်၊ သုံးခွမြို့ (Thongwa)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၅၀ မိုင်ခန့်၊ ပဲခူးမြို့ (Bago) ၏ အရှေ့တောင်ဘက် ရေမိုင် ၇၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။
အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ မုတ္တမကွေ့ အနီးမှ ဖြတ်ကျော်နိုင်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ကြောင်း၊ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်လတ္တီကျု ၁၆.၄ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၇.၃ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၁၀၀၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး နောက် ၆ နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ တို့အကြားမှ ဖြတ်ကျော်နိုင်ကြောင်း၊ ထိုမှတစ်ဆင့် နောက် ၃၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် စက်တင်ဘာ ၂၈ ရက်ညနေမှ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ကြောင်း၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၈ ပေ မှ ၁၀ ပေခန့်ရှိနိုင်ကြောင်း သိရသည်။
သို့ဖြစ်၍ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် မုတ္တမကွေ့၊ ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် မိုးဇလက အသိပေးထားသည်။