
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်းရှိ သက်တမ်း နှစ် ၁၀၀ ကျော်ပြီဖြစ်သော ပုကိုင်တာကြီး ကြံ့ခိုင်ရေးအတွက် လာမည့်နှစ်မိုးမကျမီ အချိန်မီပြုပြင်ဆောင်ရွက်ပေးနိုင်ခြင်း အခြေအနေ ရှိမရှိနှင့် တာပေါင်နေရာများကို မည်သို့ ကြိုတင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုကြောင်း စက်တင်ဘာ ၂၈ ရက်တွင်ကျင်းပသည့် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ် တတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့) တွင် ဝေါမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တိုးဝင်းက မေးမြန်းခဲ့ကြောင်း သိရသည်။
ပုကိုင်တာသည် လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက တည်ဆောက်ခဲ့သောတာဖြစ်ပြီး ဝေါ၊ သနပ်ပင်နှင့် ကဝမြို့နယ်တို့ကို ရေကြီးရေလျှံမှုမှ ကာကွယ်ပေးထားသည့် ရေဘေးကာကွယ်ရေးတာဖြစ်ကြောင်း၊ ဝေါမြို့နယ်အတွင်း ကျေးရွာအုပ်စု ၆၄ အုပ်စု၊ မိုးစပါးနှင့် နွေစပါး စိုက်ဧက တစ်သိန်းနှစ်သောင်းကျော် (၁,၂၇,၈၃၅ ဧက) နှင့် လူဦးရေ သုံးသိန်းကျော်၊ အိမ်ထောင်စုပေါင်း ငါးသောင်းကျော်မှီတင်းနေထိုင်လျက်ရှိကြောင်း ဦးသက်တိုးဝင်းက မေးခွန်းနှင့်ဆက်စပ်ပြီး တင်ပြခဲ့သည်။
ထို့ပြင် ၁၉၉၇ ခုနှစ်တွင် မိုးရွာသွန်းမှု ဆိုးရွားခဲ့၍ ပုကိုင်တာ ကျိုးပေါက်ခဲ့ဖူးရာ အဘားကျေးရွာနှင့် ကရင်စုကျေးရွာအနီးဝန်းကျင်တို့တွင် တာကျိုးပေါက်မှုကြောင့် ကျေးရွာအုပ်စု ၆၁ အုပ်စု ရေနစ်မြုပ်ခဲ့ပြီး ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်နှင့် စာသင်ကျောင်းများစွာ ဆုံးရှုံးခဲ့ဖူးကြောင်း၊ ယခု ၂၀၂၆ ခုနှစ်အတွင်း စစ်ဆေးချက်များအရ ကရင်စုနှင့် အဘားကျေးရွာကြား တာပေါင်များ၌ မြေအိကျခြင်းနှင့် ထူးပေါက်များ တွေ့ရှိနေရသဖြင့် မိုးမကျမီ အချိန်မီ ကြိုတင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရှိမရှိ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကိုကိုဦးက ပြန်လည်ဖြေကြားရာ ပုကိုင်တာသည် ဝေါမြို့နယ်အတွင်း ၁၄ မိုင် ၄ ဖာလုံ၊ ကဝမြို့နယ်အတွင်း သုံးမိုင်၊ စုစုပေါင်း ၁၇ မိုင် ၄ ဖာလုံအလျားရှိပြီး ၁၈၇၈ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ဝေါ၊ ကဝ၊ သနပ္ပင်မြို့နယ်တို့ကို ရေဘေးကျရောက်မှုမရှိစေရန်နှင့် ဧရိယာ ၉၀၀၀၀ ကျော်ကို ကာကွယ်ထားသော ရေဘေးကာကွယ်ရေးတာဖြစ်ကြောင်း၊ ကွင်းဆင်းစစ်ဆေးချက်များအရတာမိုင် ၄/၀ မှ ၉/၀ အတွင်းရှိ အချို့နေရာများတွင် တာပေါင်အမြင့် နိမ့်ကျနေခြင်းနှင့် တာလုံးသေးငယ်နေခြင်းများတွေ့ရှိရသဖြင့် ဘေးအန္တရာယ်မရှိစေရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့
သည်။
ထို့ပြင် စံချိန်စံညွှန်းမီ အခိုင်အမာပြုပြင်နိုင်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ တောင်းခံထားပြီးဖြစ်ရာ ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်မှစ၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဦးကိုကိုဦးက ဆက်လက်ဖြေကြားခဲ့သည်။
ပုံစာ - စက်တင်ဘာလ ပထမပတ်အတွင်းက ဝေါမြို့နယ် ပုကိုင်တာအခြေအနေကို တာဝန်ရှိသူများ စစ်ဆေးဆောင်ရွက်နေစဉ်