
ရှမ်းပြည်နယ်အတွင်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ သူများကို စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းအချိန် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရဿည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ကာ ထူးချွန် ကျောင်းသား ကျောင်းသူများနှင့် မြို့နယ်ကျောင်းများကို ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ပြီးနောက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံး ပြည်နယ်ဆု၊ အောင်ချက်အကောင်းဆုံးမြို့နယ်များ(၃) မြို့နယ် ဆုချီးမြှင့်ခြင်း၊ အောင်ချက်အကေင်းဆုံး ကျောင်းများ(၃) ကျောင်း ဆုချီးမြှင့်ခြင်း၊ အောင်ချက်အကောင်းဆုံး ကိုယ်ပိုင် ကျောင်းများ(၃) ကျောင်း ဆုချီးမြှင့်ခြင်း၊ ကျောင်းသား/သူများအား ပညာရည်ချွန်ဆုများပေးအပ် ချီးမြှင့်ခဲ့ပြီး ကျောင်းသား/သူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအောင်ချက် ၅၂ ဒသမ ၃၇ ရာနှုန်းရှိခဲ့ပြီး ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၄၈ ဒသမ ၈၅ ရာနှုန်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၄၃ ဒသမ ၅၇ ရာနှုန်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ၃၆ ဒသမ ၈၂ ရာနှုန်းဖြင့် ရရှိခဲ့ကြောင်း သိရသည်။
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအောင်ချက်အနေဖြင့် ၄၉ ဒသမ ၇၀ ရာနှုန်းဖြစ်ပြီး ရှမ်းပြည်နယ် အောင်ချက်ရာနှုန်းမှာ ၆၆ ဒသမ ၁၇ ရာနှုန်း ဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမ အဆင့် ရရှိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း အောင်ချက်အကောင်းဆုံးမြို့နယ်များမှာ ကလောမြို့နယ် ၆၀ ဒသမ ၇၁ ရာခိုင်နှုန်း ဖြင့် ပထမ၊ ပင်လောင်းမြို့နယ်က ၅၃ ဒသမ ၂၂ ရာခိုင်နှုန်းဖြင့် ဒုတိယနှင့် ရပ်စောက်မြို့နယ်က ၅၂ ဒသမ ၉၅ ရာခိုင်နှုန်းဖြင့် တတိယ ရရှိခဲ့ကြောင်း သိရသည်။
ကျောင်းများအနေဖြင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ကျုံးက ၈၃ ဒသမ ၉၂ ရာနှုန်း (ပထမ)၊ အထက (၄) တောင်ကြီးက ၇၅ ဒသမ ၁၈ ရာနှုန်း (ဒုတိယ)၊ အထက (တီကျစ်) က ၆၃ ဒသမ ၉၅ နှုန်း (တတိယ) ရရှိခဲ့ကြာင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - စည်သာ(တောင်ကြီး)