Eleven Media Group

■အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိပြီး မုတ္တမကွေ့အနီးမှ ဖြတ်ကျော်နိုင်သဖြင့် အနီရောင်အဆင့် သတ်မှတ်

အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိပြီး မုတ္တမကွေ့အနီးမှ ဖြတ်ကျော်နိုင်သဖြင့် အနီရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (စက်တင်ဘာ ၂၈ ရက်) နေ့လယ် ၁ နာရီ သတိပေးထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ (စက်တင်ဘာ ၂၈ ရက်) မြန်မာစံတော်ချိန် ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် မြောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့ (Mawlamyine) ၏ တောင်ဘက် ရေမိုင် ၅၀ မိုင်ခန့်၊ သုံးခွမြို့ (Thongwa) ၏ အရှေ့တောင်ဘက် ရေမိုင် ၉၅ မိုင်ခန့်၊ ပဲခူးမြို့ (Bago)၏ တောင်- အရှေ့တောင်ဘက် ရေမိုင် ၁၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးဇလက ထုတ်ပြန်သည်။

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ မုတ္တမကွေ့အနီးမှ ဖြတ်ကျော် နိုင်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း၊ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၂ နာရီခွဲတွင် မြောက်လတ္တီကျု ၁၅ ဒသမ ၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၇ ဒသမ ၆ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့် ဖြစ်ကြောင်း မိုးဇလက ဆိုသည်။

အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ် ပိုမိုအားကောင်းလာကာ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ တို့အကြားမှ ဖြတ်ကျော်နိုင်ကြောင်း၊ ထိုမှတစ်ဆင့် နောက် ၃၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်‌ကျော်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ (စက်တင်ဘာ ၂၈ ရက်) မွန်းလွဲမှ စက်တင်ဘာ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ်ပြန်သည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ကြောင်း မိုးဇလက ဆိုသည်။

ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ကြောင်းနှင့် လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၈ ပေ မှ ၁၀ ပေခန့်ရှိနိုင်ကြောင်း မိုးဇလက သတိပေးထားသည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် မြစ်ဝကျွန်း ပေါ်ဒေသနှင့် မုတ္တမကွေ့၊ ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် မိုးဇလက အသိပေးနှိုးဆော်ထားသည်။

မူရင်းသတင်း — Eleven Media Group