
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် လာမည့်သီတင်းကျွတ်ပွဲတော်၌ မီးပုံးပျံအလုံးရေ ၃၀၀၀၀ လွှတ်တင်သွားမည်ဖြစ်ပြီး ထိုသို့လွှတ်တင်နိုင်ရန် ကြိုတင်စမ်းသပ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ မီးပုံးပျံလွှတ်တင်ရာတွင် ပလတ်စတစ်နှင့် စက္ကူဖြင့်ပြုလုပ်ထားသည့် မီးပုံးပျံများကို အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရားနှင့် Sunset ကုန်းတို့တွင် နေရာသုံးနေရာခွဲ၍ လွှတ်တင်သွားမည်ဖြစ်ပြီး ဒေသစုံမှ ဓာတ်ပုံဝါသနာရှင်များ၊ ပန်းချီဆရာများ၊ မြန်မာ့ရှုခင်းအလှ ရိုက်ကူးသူများနှင့် မီဒီယာအဖွဲ့များလည်း လာရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပုဂံဒေသ၏ သီတင်းကျွတ်ပွဲတော်ကို မီးပုံးပျံများတွင် ငွေပဒေသာပင်ချိတ်ဆွဲ၍ ပံ့သကူပစ်သော ကုသိုလ်ပြုသည့်အစီအစဉ်၊ ပွဲတော်၌ အညာဒေသထွက် အစားအစာများကို နွားလှည်းပေါ်တွင်ရောင်းချပေးသည့် အစားအစာပွဲတော် အစီအစဉ်အပါအဝင် အခြားအစီအစဉ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုဂံဒေသ၏ ခရီးသွားရာသီအစဖြစ်သည့် သီတင်းကျွတ်ပွဲတော်တွင် ပထမဆုံးအကြိမ်အဖြစ် မီးပုံးပျံအလုံးရေများစွာလွှတ်တင်၍ မြတ်ဗုဒ္ဓအား အလင်းရောင်ဖြင့်ပူဇော်ခြင်းကို ခရီးသွားများ ကုသိုလ်ယူနိုင်ရန်နှင့် ပြည်တွင်း/ပြည်ပခရီးသွားများ ပုဂံဒေသ၏ သီတင်းကျွတ်လပြည့်ညအလှကို ကြည့်ရှုခံစားနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။