
မန္တလေးမြို့ကလေးဆေးရုံသို့ဆေးလာကုသည့် ရွှေဘိုမြို့နယ်မှ ဖခင်နှစ်ဦးပျောက်ဆုံးနေမှု စက်တင်ဘာလ ၂၆ ရက်က ဖြစ်ပွားခဲ့ကြောင်း ကာယကံရှင်မိသားစုများထံမှ စုံစမ်းသိရသည်။
စက်တင်ဘာလ ၂၆ ရက် နံနက် ၉ နာရီခန့်က ချမ်းအေးသာစံမြို့နယ် ၊ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၆၆လမ်း၊ ၂၇ လမ်း နှင့် ၂၈ လမ်းကြားရှိ ကုတင်(၅၅၀)ဆံ့ကလေးအထူးကုဆေးရုံကြီး၊(၈)ထပ်ဆောင်(၄)လွှာ ဖျားနာဆောင်(၂)တွင် ဆေးဝါးကုသခံယူလျက်ရှိသော မစုထက်ထက်ဇော် (၈နှစ်)၏ ဖခင်ဖြစ်သူ ဦးဇော်မျိုးဦး (၃၃နှစ်)သည် သမီးဖြစ်သူလူနာစောင့်အဖြစ် လုပ်ကိုင်နေစဉ် ဆေးရုံပြင်ပသို့ ထွက်ခွာပြီးနောက် ပြန်လာခြင်းမရှိဘဲ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယင်းနေ့တွင်ပင် အဆိုပါဆေးရုံရှိ ဖျားနာဆောင်(၂)တွင် ဆေးဝါးကုသလျက်ရှိသော မောင်သက်ထူးအောင်(၄နှစ်)၏ဖခင်ဖြစ်သူ ဦးလှိုင်တင် (၃၅နှစ်)ခန့် ဆိုသူမှာလည်း အဆိုပါနေ့ရက်တွင် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
" မနက် ၉ နာရီကျော်လောက် ဆရာဝန်ကြီးလှည့်ချိန်မို့အပြင်ထွက် ဆေးသွားဝယ်တာ။ ထမင်းဟင်းတွေဝယ်ရင်း ၁၂ နာရီထိမလာတော့မှ သတိထားမိတာ။ ညနေလေးနာရီ ငါးနာရီထိမလာ မလာနဲ့မို့ စုံစမ်းလိုက်တော့ ဆေးရုံအရှေ့ဘက်ထွက်သွားကြတာ မြင်လိုက်တယ်လို့တော့ပြောတယ်။ ပျောက်သွားတဲ့ နောက်တစ်ယောက်နဲ့ အမျိုးသားနဲ့က ကိုယ်တစ်နယ်ထဲသားတွေဆိုတော့ ဆေးရုံရောက်မှသိကြပြီး အတူထွက်သွားကြတယ်ထင်တယ်။ တစ်ရက်ထဲ အတူတူပျောက်သွားကြတာပဲ။ ရွှေဘိုဘက်ကရွာကနေလာပြီး ကလေးဆီးပိုးဝင်လို့ ဆေးလာကုတာပါ။ ခုထိအဆက်သွယ်မရသေးပါဘူးရှင်" ဟု ပျောက်ဆုံးနေသည့် ဦးလှတင်၏ဇနီးဖြစ်သူ ဒေါ်နန်းနွယ်က ဆိုသည်။
ကိုဇော်မျိုးဦး၏ဇနီးဖြစ်သူဒေါ်စန်းစန်းဝင်းမှလည်း ခင်ပွန်းဖြစ်သူပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းသို့အကြောင်းကြားထားကာ အဆက်သွယ်လုံးဝမရရှိသေးကြောင်းလည်း သိရသည်။