
လာမည့် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ပြီး ကပ္ပလီ ပင်လယ်ပြင် မြောက်ပိုင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများသို့ ဖြတ်ကျော်နိုင်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ခန့်မှန်းထုတ်ပြန်သည်။
ယနေ့(စက်တင်ဘာ ၂၈ ရက်)မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင် ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျာနိုင်ပြီး မုန်တိုင်းငယ် (Depression) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသများသို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးဇလက ထုတ်ပြန်သည်။
မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဆရာဦးဝင်းနိုင်ကလည်း လက်ရှိတွင် လေဖိအားနည်းရပ်ဝန်းအဆင့် သာရှိသေးသော်လည်း JTWC ( Joint Typhoon Warning Center)က မုန်တိုင်းဖြစ်မည်ဟု သတိပေးချက် ထုတ်ပြန်ထားသည်ဟု သူ၏လူမှုကွန်ရက်တွင် ရေးသားထားသည်။
" လေဖိအားနည်းရပ်ဝန်းအဆင့်မှာဘဲ ရှိသေးတယ်၊ JTWC က ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်မယ်လို့ သတိပေးချက် ထုတ်ပြန်ထားတယ် - အခုအဆင့်နဲ့ ကုန်းပေါ်တက်လာပြီးရင်တော့ ပူစရာမရှိ၊ မုန်တိုင်းမှ မဖြစ်သေးတာဘဲလေ။ ဒါတောင် ဘန်ကောက်နဲ့ ထားဝယ်မှာ ဘယ်လောက်ခံလိုက်ကြရလဲ သတင်းတွေ တွေ့နေကြတာဘဲ။ ပင်လယ်ထဲ မုန်တိုင်းဖြစ်သွားရင်တော့ ကုန်းပေါ်တက်လာတဲ့အခါ သက်ရောက်မှုက ပိုများနိုင်တယ်။ ကုန်းပေါ်တက်မဲ့ လမ်းကြောင်း (ဖိအားဗဟိုချက် ရွေ့လျားပုံ) မနေ့က တကြိမ် video လုပ်ပြီး တင်ပေးခဲ့ပြီးပါပြီ။ ဒီနေ့ တွေ့ရတာတော့ update ပေါ့။ ပြီးခဲ့တဲ့ video နဲ့ ယှဉ်ကြည့်တော့ ကုန်းတွင်း လမ်းကြောင်းက သိသိသာပြောင်းသွားတာမရှိဘူး။ မုတ္တမကွေ့ကနေပြီးတော စစ်တောင်းမြစ်ဝှမ်းတလျောက် မြောက်ဘက်ကို တက်သွားမဲ့ ပုံပါဘဲ။ ဒိုက်ဦးကျော်ရင် အားပျော့သွားမယ်။ ပုံမှန်မုတ်သုံမိုး ဆက်ရွာမယ်။ အခုက ရှင်းပြချိန်ရသေးတယ် 92W ဝင်လာတဲ့အခါ (ခန့်မှန်း ဒီနေ့ညနေ/ညပိုင်း) မိုးတွေသည်း၊ မိုးကြိုးတွေပစ်တဲ့အခါကျ ကျနော်လဲ စက်တွေပိတ်ပြီး ငြိမ်နေရတော့မှာလေ" ဟု ဆရာဦးဝင်းနိုင်က ရေးသားထားသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေကြောင်း၊ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း မိုးဇလက ထုတ်ပြန်သည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။