
ပဲခူးမြို့နယ် ကျောက်တန်းဘူတာတွင် ကုန်တင်ကျောက်ရထားဖြင့် တန်ဆာမဲ့တရားမဝင်သယ်ဆောင်လာသည့် ကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ် ကျောက်တန်းဘူတာတွင် ကျောက်တင်ကုန်ရထားအမှတ် (၆၈၈) ကို တာဝန်ရှိသူများက စစ်ဆေးရာမှ ကုန်ရထားတွဲနောက်ဆုံးရှိ ဂါတ်ဗိုလ်တွဲအတွင်း တန်ဆာမဲ့ တရားမဝင်သယ်ဆောင်လာသောပီနန်အိတ် ၄၅ အိတ်၊ ကတ္တူဖာ ၁၀ ဖာနှင့် ပီပါခွံ ၁၀ လုံးနှင့်အတူ တားမြစ်ဓာတုဆေးရည်များကို တွေ့ရှိခဲ့ရကြောင်း ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
၎င်းက “အဲဒီကျောက်တင်ကုန်ရထားက စက်တင်ဘာလ ၂၅ ရက်နေ့က သထုံမြို့နယ် မရမ်းကုန်းဘူတာကနေ ထွက်ခွာလာတာလို့ သိရပါတယ်” ဟု ပြောကြားသည်။
အဆိုပါတန်ဆာမဲ့ တရားမဝင်သယ်ဆောင်လာသည့် ကုန်ပစ္စည်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာက စစ်ဆေးမှုများလုပ်ဆောင်ရာ ရထားတွဲထိန်း (ဂါတ်ဗိုလ်) ဦးမောင်မောင်သန့်မှာ နေထက်မင်းဆိုသူက ၎င်းကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးရန်အတွက် သိန်းကျပ် ၃၀ ဖြင့်လက်ခံဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟုသိရကြောင်း ၎င်းကဆိုသည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရထားတွဲထိန်း (ဂါတ်ဗိုလ်) ဦးမောင်မောင်သန့်နှင့် သိမ်းဆည်းရမိခဲ့သည့် တန်ဆာမဲ့တရားမဝင်ကုန်ပစ္စည်းများကို ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
■ Photo Credit - မြန်မာ့မီးရထား