Eleven Media Group

■မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာတွင် မြေးအဘွားနှစ်ဦးနေထိုင်သည့် နေအိမ်ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းများ ယူဆောင်သွား

မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာတွင် မြေးအဘွားနှစ်ဦးနေထိုင်သည့် နေအိမ်ဓားပြ တိုက်ခံရပြီး ရွှေထည်ပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

စက်တင်ဘာ၂၇ ရက် နံနက်အစောပိုင်းအချိန်က ဖားအောက်ကျေးရွာ အနောက်ပိုင်းရှိ ဒေါ်စန်းလှဆိုသူ၏ နေအိမ်၌ ဓားပြတိုက်မှုဖြစ်ပွားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဒေါ်စန်းလှတို့နေအိမ်မှာက မြေးအဘွား နှစ်ဦးတည်း နေထိုင်ကြတာပါ။ အခင်းဖြစ်တဲ့မနက် ၃ နာရီအချိန်လောက်မှာ ဒေါ်စန်းလှက ဆွမ်းထချက်တဲ့အချိန်မှာ အိမ်အနောက်ဘက်ကနေ မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားလေးဦးဝင်လာပြီးတော့ ဒေါ်စန်းလှကို ရိုက်နှက်ပြီး သူဝတ်ဆင်ထားတဲ့ ရွေထည်ပစ္စည်းတွေကို လုယူသွားတာလို့ သိရပါတယ်” ဟု ပြောကြားသည်။

ဒေါ်စန်းလှမှာ တော်သလင်းလပြည့်နေ့ (စက်တင်ဘာ ၂၆ ရက်) က ဖားအောက်ကျေးရွာအတွင်း ဆီဆွမ်းလောင်းလှူစဉ်က ဝတ်ဆင်ခဲ့သည့် ရွှေထည်ပစ္စည်း၊လက်ဝတ်လက်စားများကို ဆက်လက်ဝတ်ဆင်ထားစဉ် ယခုကဲ့သို့ ဓားပြတိုက်လုယက်မှုခံခဲ့ရခြင်းဖြစ်သည်ဟု သိရကြောင်းလည်း ၎င်းကဆိုသည်။

ထိုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် နံနက် ၈ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မူရင်းသတင်း — Eleven Media Group