Eleven Media Group

■ ထရန့်က တရုတ်ထံ လက်နက်များရောင်းချရန် ကမ်းလှမ်းခဲ့သည်ဟု အမေရိကန်သံအမတ်ပြောကြား

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တရုတ်(တိုင်ပေ)သို့ လက်နက်ရောင်းချမှုများနှင့်ပတ်သက်၍ စိုးရိမ်မှုကို တုံ့ပြန်သည့်အနေဖြင့် ပေကျင်းအား လက်နက်များရောင်းချရန်ကမ်းလှမ်းခဲ့သည်ဟု တရုတ်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်က စက်တင်ဘာ၂၇ရက်တွင်ထုတ်လွှင့်ခဲ့သည့် Fox News အင်တာဗျူးတွင်ပြောကြားခဲ့သည်။

တရုတ်ကတရုတ်(တိုင်ပေ)ကို၎င်း၏နယ်မြေအစိတ်အပိုင်းဖြစ်သည်ဟု ပြောကြားထားသည်။

ထို့ကြောင့်မိမိဘာသာအုပ်ချုပ်နေသောတရုတ်(တိုင်ပေ)ကိုအမေရိကန်ကလက်နက်များရောင်းချခြင်းသည် ဝါရှင်တန်နှင့်ပေကျင်းတို့ကြားက ဖြေရှင်းရခက်သောပြဿနာဖြစ်နေသည်မှာကြာပြီဖြစ်သည်။

အမေရိကန်က ဒီမိုကရေစီနည်းကျရွေး ကောက်ခံရသောသမ္မတနှင့် လွှတ်တော်တို့ရှိနေသော တရုတ်(တိုင်ပေ)၏ကာကွယ် ရေးအတွက်လက်နက်များနှင့်အတူ ကူညီထောက်ပံ့သည့်အခါ ဥပဒေလိုအပ်သည်။

လွန်ခဲ့သောအပတ်က တရုတ်သမ္မတရှီကျင်းပင် အမေရိကန်ပြည်ထောင်စုသို့လာရောက်သည့်အခါ ထိုပြဿနာထပ်မံပေါ်ပေါက်လာသည်ဟု တရုတ်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ဒေးဗစ်ပါဂျူးကပြောကြားခဲ့သည်။

"ငါတို့က ကမ္ဘာတစ်၀န်းကလူတွေဆီလက်နက်တွေရောင်းနေတာပဲလို့ သမ္မတ
ထရန့်က တောက်လျောက်ပြောနေတာပါ။ တစ်ခါမှာတော့သူက သမ္မတရှီကိုလည်း လက်နက်၀ယ်ချင်လားလို့ မေးခဲ့ပါတယ်"ဟု ပါဂျူးက Fox News အင်တာဗျူးတွင်ပြောကြားခဲ့သည်။

"အခြားရောင်းချတဲ့ကိစ္စတွေကို ဆက်လက်ပြောနေကြတာပါ။ ထရန့်နဲ့ရှီတို့ တွေ့တဲ့အခါတိုင်း အရောင်းအ၀ယ်ကိစ္စတွေ ပြောနေတာပါပဲ"ဟု ပါဂျူးက ပြောကြားခဲ့ပြီး အမေရိကန် ရပ်တည်ချက်သည်မပြောင်းလဲဟု ဆိုသည်။

တရုတ်(တိုင်ပေ)က အမေရိကန်ကို အားကိုးခြင်း သို့မဟုတ် စစ်ရေးနည်းလမ်း များဖြင့် လွတ်လပ်ရေးရရှိရန်ကြိုးပမ်းခြင်းသည် လမ်းဆုံးဖြစ်သည်ဟု ဇွန်လထဲတွင် တရုတ်က သတိပေးခဲ့သည်။

ဝါရှင်တန်ကတရုတ်(တိုင်ပေ)သို့ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၁ ဘီလျံရှိသောလက်နက်များရောင်းချမှုကိုဒီဇင်ဘာလထဲတွင်အတည်ပြုထားခဲ့ပြီးဖြစ်သည်။ ၁၉၇၉ ခုနှစ် နောက်ပိုင်း အမေရိကန်သမ္မတများထဲတွင်သမ္မတထရန့်လက်ထက်၌ တရုတ်(တိုင်ပေ)သို့ လက်နက်အများဆုံးရောင်းချမှုဖြစ်သည်ဟု ပါဂျူးက ပြောကြားခဲ့သည်။

ရှီက ဝါရှင်တန်ခရီးတွင် တရုတ်(တိုင်ပေ)နှင့်ပတ်သက်၍ နှိုင်းနှိုင်းချိန်ချိန် လုပ်ရန်
ထရန့်ကို ထပ်တလဲလဲပြောကြားခဲ့ပြီး တရုတ်(တိုင်ပေ) လွတ်လပ်ရေးကို အမေရိကန်က ပြတ်သားစွာ ဆန့်ကျင်ရန် ထပ်မံတိုက်တွန်းခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group