
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေချိန်အတွင်း ရေကြီးနေသည့် လမ်းပေါ်တွင် Jet ski စီးပြီး စတန့်ပြခဲ့သည့် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားစွဲဆိုထားကြောင်း The Straits Times သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ အမျိုးသားသည် ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ဘန်ကောက်မြို့တော်၏ နယူး ဖက်ချာဘူရီ လမ်းမပေါ်တွင် Jet ski စီးခဲ့ပြီးနောက် အများပြည်သူအား စိတ်အနှောက်အယှက်ဖြစ်စေမှုဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကာ စက်တင်ဘာ ၂၈ ရက်တွင် တရားရင်ဆိုင်ရမည်ဖြစ်သည်။
လူမှုမီဒီယာများပေါ်တွင် ပျံ့နှံ့သွားခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုအတွင်း အဆိုပါအမျိုးသားသည် ရေကြီးနေသည့် လမ်းမပေါ်တွင် Jet ski ကို အရှိန်မြှင့် စီးနင်းခြင်း၊ အရှိန်ပြင်းပြင်းနှင့် ကွေ့ခြင်းတို့ ပြုလုပ်ခဲ့သဖြင့် နေအိမ်များနှင့် လမ်းဘေးအဆောက်အအုံများကို လှိုင်းလုံးများ ရိုက်ခတ်သွားစေသည်ကို တွေ့မြင်ခဲ့ရသည်။
Tnews သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ ဒေသခံများ၏ ပိုင်ဆိုင်မှု ပစ္စည်းအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသော်လည်းပျက်စီးဆုံးရှုံးမှု ပမာဏနှင့် ထိခိုက်ခံရသူ မည်သူမည်ဝါဖြစ်သည်ကို သီးသန့် အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။
အဆိုပါ Jet ski စီးနင်းသူသည် ၎င်း၏ ကိုယ်ပိုင် Facebook အကောင့်တွင် "B K K D R I F T" ဟူသော စာသားဖြင့် ဗီဒီယိုဖိုင်ကို တင်ခဲ့သည်။
ကနဦး စစ်ဆေးမေးမြန်းချိန်အတွင်း အဆိုပါအမျိုးသားက ယဉ်ကျေးမှုဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများနှင့် ကြိုတင်သတိထားရမည့် အချက်များကို မသိရှိခဲ့ကြောင်း ရဲတပ်ဖွဲ့သို့ ထွက်ဆိုခဲ့သည်။
ယခုကဲ့သို့ စတန့်ထွင် စီးနင်းပြသမှုများသည် ရေလွှမ်းမိုးမှုကြောင့် စိတ်ဖိစီးမှု ခံစားနေရသော ပြည်သူများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ကြောင်း နိုင်ငံခြားသား မိတ်ဆွေတစ်ဦးက အကြံပြုခဲ့သဖြင့် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဗီဒီယိုကို ထိုင်းနိုင်ငံသားမိတ်ဆွေတစ်ဦးက ရိုက်ပေးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ရဲတပ်ဖွဲ့က အဆိုပါ ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် Jet ski ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် တရားရုံးသို့ တောင်းဆိုရန် စီစဉ်ထားသည်။
Ref: The Straits Times
#elevennews #ဘန်ကောက်#ရေကြီး