
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း စက်တင်ဘာ၂၅ ရက်မှစတင်ကာ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အပြင် မြေပြိုခြင်းများကြောင့် ဒေသခံပြည်သူထောင်နှင့်ချီ၍ ရေဘေးသင့်နေပြီး သုံးဦးထက်မနည်း သေဆုံးကာ ပျောက်ဆုံးနေသူများရှိနေသလို အဆက်အသွယ်များလည်း ပြတ်တောက်နေကြောင်း ဒေသခံပြည်သူများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာတွင် စက်တင်ဘာ၂၆ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ မြေပြိုမှုများဖြစ်ပေါ်ခဲ့သည့်အတွက်ကြောင့် နေအိမ်များနှင့် လမ်းများ ရေနှင့် မြေကြီးများဖုံးလွှမ်းနေကာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အရေးပေါ်လိုအပ်နေကြောင်းနှင့် ပျောက်ဆုံးနေသူများလည်းရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
အလားတူ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် တောင်ခြေနှင့်နီးသည့် ညောပြင်၊ ဇလွတ်၊ သကျက်တော၊ ကဒက်ငယ်ဆိပ်၊ သဗျောကျေးရွာအစရှိသော ကျေးရွာများတွင်လည်း တောင်ပြိုမှုများ၊ မြေပြိုမှုများဖြစ်ပေါ်နေကြောင်း ဒေသတွင်းသတင်းအရင်းများ၏ သတင်းဖော်ပြချက်များအရ သိရသည်။
ထို့ပြင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျောက်နီမော်၊ ညောပြင်၊ ကဒက်ငယ်ကြီး၊ ကဒက်ငယ်ဆိပ်အစရှိသည့် ကျေးရွာများသို့ သွားရောက်ရာလမ်းပိုင်းမှာလည်း ရေနှင့်မြေကြီးများ ဖုံးလွှမ်းနေသည့်အတွက်ကြောင့် ကယ်ဆယ်ရေးအဖွဲ့များ အချိန်မီရောက်ရှိနိုင်ရန် ကြိုးစားနေကြရကြောင်းလည်း သိရသည်။
လောင်းလုံးမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၀ ထက်မနည်း ရေကြီးရေလျှံမှုနှင့် တောင်ပြိုခြင်း၊ မြေပြိုခြင်းများနှင့်ကြုံတွေ့နေရကြာင်းနှင့် လောင်းလုံးမြို့နယ် ကရင်ကြီးကျေးရွာအတွင်း စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့အတွင်း တောင်ပြိုမှုကြောင့် နေအိမ် ၃၀ ခန့် မြေဖုံးလွှမ်းနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
အလားတူ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုများကြောင့် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များအပါအဝင် ကျေးရွာအများအပြား၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များ၏ သတင်းဖော်ပြချက်များအရ သိရသည်။
လောင်းလုံးမြို့နယ် ထားဝယ်-မြိတ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး၏ အရှေ့ဘက်ခြမ်းရှိ ရောင်းမော်၊ ညောင်ဇင်၊ ကြာအင်း၊ ဥတ္တူ၊ ကင်းရှေ့၊ မိုးရွှေကုန်း၊ စော်ဖျား၊ ကျောက်လှေကား၊ ထီးဖဒိုအစရှိသော ကျေးရွာများအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့်အပြင် သရက်မြို့နယ်ပေါ်ရပ်ကွက်များဖြစ်ကြသည့် မြို့မ၊ ကျောက်မြောင်း၊ ပန်းတောအစရှိသော ရပ်ကွက်များနှင့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှင်မုတ္ထီး၊ ရန်တောင်၊ သင်းကျွန်း၊ သရက်နှစ်ခွအစရှိသည့်ကျေးရွာများတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း သိရသည်။
ထို့အတူ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုများကြောင့် ထားဝယ်မြို့ပေါ်ရပ်ကွက်များ အပါအဝင် ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာအများအပြားတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးများလိုအပ်နေကြောင်းလည်း ဒေသခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
ထားဝယ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ကရပ်ပြင်၊ ကညုံ၊ ကြက်စားပြင်၊ ရှမ္မလည်ဆွဲ၊ ကရပ်ပြင်၊ ဘုမ္မော် အစရှိသည့်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး တချို့နေရာများ၌ နေအိမ်အောက်ထပ်ရေနစ်မြုပ်သည်အထိ ရေကြီးရေလျှံမှုဖြစ်ပေါ်နေကြောင်း မြို့ခံများထံမှ သိရသည်။
“ထားဝယ်မြို့မှာ ရေကြီးရေလျှံမှုမဖြစ်ဖူးတဲ့ ရပ်ကွက်တွေ၊ ရေမလျှံဖူးတဲ့ လမ်းတွေပါ။ ဒီနေ့ (စက်တင်ဘာ ၂၈ ရက်) မနက်ပိုင်းမှာ အားလုံးရေမြုပ်နေတယ်” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောကြားသည်။
ထို့ပြင် ထားဝယ်မြို့၊ တိုင်းအစိုးရအဖွဲ့ရုံးတည်ရှိရာ ရပ်ကွက်၌ပင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေကြောင်းနှင့် မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ရေကြီးရေလျှံမှုများနှင့် တောင်ပြိုမှုများဖြစ်ပေါ်နေသည့် ဒေသများသို့ ဒေသခံပြည်သူများနှင့် ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည့်အပြင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များလည်း စက်တင်ဘာ၂၈ ရက်တွင် ထားဝယ်ခရိုင်အတွင်းဖြစ်ပေါ်နေသည့် သဘာဝဘေးနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကူညီဆောင်ရွက်ပေးရန် ထားဝယ်မြို့သို့ ထွက်ခွာနေကြပြီးဖြစ်ကြောင်းလည်း သတင်းရရှိသည်။
ယမန်နေ့ စက်တင်ဘာ ၂၇ ရက်က ထားဝယ်မြို့တွင် ရွာသွန်းခဲ့သော မိုးရေချိန်မှာ ၁၁ ဒသမ ၀၂ လက်မ ဖြစ်ပြီး ထားဝယ်မြို့တွင် မိုးလေဝသစခန်းဖွင့်လှစ်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမြင့်ဆုံး မိုးရေချိန်စံချိန်သစ်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Photo Credit - ဇမ္ဗူသီရိ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ (ထားဝယ်)