
မုန်တိုင်းငယ်ဖြစ်လာမည့် လေဖိအားနည်းရပ်ဝန်း မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင် ဆက်လက်တည်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
မိုးဇလ၏ စက်တင်ဘာ ၂၈ ရက်၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသော မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင် ဆက်လက်တည်ရှိနေသည်ဟု ဖော်ပြထားသည်။
အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျာနိုင်ပြီး မုန်တိုင်းငယ် (Depression) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများသို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးဇက ဆိုသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေကြောင်း၊ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်း တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း မိုးဇလက ထုတ်ပြန်သည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်များမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးနိုင်ကြောင်း၊ရေပြင်လေသည် အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၂၀-၂၅ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းကြီး မည်ဖြစ်ကာ လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ကြောင်း မိုးဇက ခန့်မှန်းသည်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်များမှာနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ရေပြင်လေသည် အနောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်မှ မိုင် ၃၀ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့်ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်သည်။