Eleven Media Group

■ အီသီယိုပီးယားမြောက်ပိုင်းတွင် သူပုန်များကစစ်ရှိန်မြှင့်တိုက်ခိုက်‌နေပြီး တီဂရေးရုပ်သံဌာန ဒရုန်းဖြင့် တိုက်ခိုက်ခံရ

​အီသီယိုပီးယားနိုင်ငံ၏မြောက်ပိုင်းတွင် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲ့များကို အဲရီထရီးယားနှင့် ဆူဒန်နိုင်ငံတို့က နောက်ကွယ်မှ ကူညီပံ့ပိုးနေကြောင်း အီသီယိုပီးယားစစ်တပ်အကြီးအကဲက စက်တင်ဘာ ၂၇ ရက်တွင် စွပ်စွဲခဲ့သည်။

​စက်တင်ဘာ ၂၃ ရက်မှစတင်၍ ဖက်ဒရယ်အစိုးရတပ်ဖွဲ့များနှင့် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) တို့ ပြင်းထန်သောတိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ လူပေါင်း ၆၀၀,၀၀၀ နီးပါး သေဆုံးခဲ့ရသည့် ၂၀၂၀-၂၀၂၂ ပြည်တွင်းစစ်တစ်ကျော့ ပြန်လာမည်ကို စိုးရိမ်မကင်း ဖြစ်‌နေသည်။

​TPLF အဖွဲ့သည် လေဆိပ်များကို ထိန်းချုပ်လိုက်ပြီး အိမ်နီးချင်း အာဖာနှင့် အမ်ဟာရာ ပြည်နယ်များသို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကာ ဝန်ကြီးချုပ် အဘီအာမက်အစိုးရနှင့် ခုခံကာကွယ်‌ရေးစစ်ပွဲအားဆင်နွှဲနေသည်ဟု ဆိုသည်။

​တီဂရေးနယ်စပ်အနီးရှိ အာဖာပြည်နယ် အီရက်ဘတီမြို့သည် လက်နက်ကြီးများဖြင့် ပြင်းထန်စွာ ပစ်ခတ်ခံရပြီးနောက် စက်တင်ဘာ ၂၇ ရက်တွင် သူပြန်များ၏ လက်အောက်သို့ ကျရောက်သွားခဲ့ကြောင်း လူသားချင်းစာနာမှုဆိုင်ရာသတင်းရင်းမြစ်က ပြောကြားသည်။

​လက်ရှိတွင် TPLF တပ်ဖွဲ့များသည် အရှေ့ဘက် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ခန့်အကွာရှိ အက်ဖ်ဒီရာမြို့သို့ ဦးတည်ထိုးစစ်ဆင်နေသည်ဟု သိရသည်။

​အဆိုပါ တိုက်ပွဲများကြောင့် အာဖာပြည်နယ်၌ လူပေါင်း ၁၅၀,၀၀၀ ထက်မနည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး တိကျသော ကိန်းဂဏန်းများ ထုတ်ပြန်ရန် ခက်ခဲကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

​စစ်တပ်၏ YouTube ချန်နယ်မှတစ်ဆင့် စစ်တပ်အကြီးအကဲဘာဟာနုဂျူလာက "ကျွန်တော်တို့ဟာ ပြင်ပအင်အားကြီးတွေရဲ့ အကျိုးစီးပွားကို လုပ်ပေးဖို့ စုစည်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကို တိုက်ခိုက်နေရတာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဆူဒန်၊ အီဂျစ်နှင့် အခြားသောပြင်ပအင်အားကြီးနိုင်ငံများ၏ ကူညီထောက်ပံ့မှု မရှိပါက အဲရီထရီးယား၊ TPLF တို့ချည်းပူးပေါင်းမည်ဆိုလျှင်ပင် မည်သည့်အရာမျှအောင်မြင်အောင် လုပ်နိုင်မည်မဟုတ်ဟု၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

​TPLF သည် တစ်နိုင်ငံလုံးရှိ လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နှင့် ပူးပေါင်းထားပြီး အမ်ဟာရာပြည်နယ်မှတစ်ဆင့် မြို့တော် အက်ဒီစအာဘာဘာသို့ တောင်ဘက်သို့ ဦးတည်ထိုးစစ်ဆင်သည့် ပြီးခဲ့သည့် စစ်ပွဲမှ နည်းဗျူဟာကိုပင် ပြန်လည်ကျင့်သုံးနေပုံရသည်။

​အာဖာပြည်နယ်အတွင်း ၎င်းတို့၏ ထိုးစစ်ဆင်မှုမှာ စက်သုံးဆီအပါအဝင် အီသီယိုပီးယားနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်ရေး ဗဟိုချက်ဖြစ်သောဂျီဘူတီမှ ကုန်စည်စီးဆင်းသည့် လမ်းကြောင်းကို ဖြတ်တောက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

​ထို့အပြင် တီဂရေးပြည်နယ် မြို့တော်မက်ကဲလ်ရှိ သူပြန်များ၏ အဓိကရုပ်သံလိုင်းတဖြစ်သော Tigrai TV ဌာနချုပ်သည်လည်း စက်တင်ဘာ ၂၇ ရက်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group