
■ သုံးခွမြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ရန် ပြင်ဆင်ထား
အားကောင်းသောမုန်တိုင်းငယ်ဖြတ်ကျော်မည့် ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအပါအဝင် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် မုန်တိုင်းသတိပေးချက် လိုက်လံကြေညာလျက်ရှိပြီး သိရသည်။
စက်တင်ဘာ ၂၈ ရက်၊ ညနေ ၇ နာရီအချိန်တွင် ထုတ်ပြန်ချက်အရ အားကောင်းသောမုန်တိုင်းငယ်သည် စစ်တောင်းမြစ်ဝအနီး မွန်ပြည်နယ် ကျိုက်ထိုမြို့၏ တောင်ဘက်မှ စတင်ဖြတ်ကျော်နေသဖြင့် အညိုရောင်အဆင့် သတ်မှတ်ထားပြီး လာမည့် ၄၈ နာရီအတွင်း ပဲခူး၊ ရန်ကုန်၊ နေပြည်တော်၊ မကွေးနှင့် မန္တလေးတိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
ထို့ကြောင့် မုန်တိုင်းဖြတ်ကျော်မည့် လမ်းကြောင်းတွင် ရှိနေသော သုံးခွမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စု ၆၄ ခုတွင် မီးသတ်တပ်ဖွဲ့ဝင်များအပါအဝင် သက်ဆိုင်ရာတာဝန်ရှိများက မုန်တိုင်း သတိပေးချက် လိုက်လံကြေညာနေကြောင်း သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနထံမှ သိရသည်။
ထို့ပြင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်နိုင်ရန် နေရာများပြင်ဆင်ထားသလို မုန်တိုင်းထူးခြားဖြစ်စဉ်များအတွက် ကင်းအဖွဲ့များကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။
"အားကောင်းတဲ့မုန်းငယ်နဲ့ ပတ်သက်လို့ပြင်ဆင်မှုအနေနဲ့ မီးသတ်တပ်ဖွဲ့နဲ့ တခြား အဖွဲ့စုံက ကယ်ဆယ်ရေးလုပ်ဆောင်နိုင်ဖို့ လူနဲ့ လိုအပ်တဲ့ ယာဉ်၊စက်ပစ္စည်းတွေကို အဆင်သင့်ပြင်ဆင်ထားတယ်။ ကျေးရွာအလိုက်မှာ ကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ဖို့ နေရာရှာတာ၊လိုအပ်တာတွေလုပ်ဆောင်ထားပါတယ်" ဟု သုံးခွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က ပြောကြားသည်။
သုံးခွမြို့နယ်အတွင်း မုတ္တမကွေ့နှင့် ထိစပ်နေသည့် ကျေးရွာ ၁၃ ရွာရှိပြီး အဆိုပါ ကျေးရွာများမှ တာဝန်ရှိသူများနှင့် ဖုန်းအဆက်အသွယ်ရရှိပြီး ထူးခြားဖြစ်စဉ်မရှိသေးကြောင်း သိရသည်။
"မုတ္တမကွေ့နဲ့ ထိစပ်နေတဲ့ ကျေးရွာတွေနဲ့ ဒီနေ့ည ၇ နာရီခွဲအထိ အဆက်အသွယ်ရှိပါတယ်။ သူတို့ဆီမှာ မိုးရွာနေတာကလွဲရင် မုန်တိုင်းရဲ့ ထူးခြားဖြစ်စဉ်မရှိသေးပါဘူး" ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က ပြောကြားသည်။
ထို့ပြင် သုံးခွမြို့ပေါ်ရပ်ကွက်များတွင်လည်း မုန်တိုင်းကြောင့် အန္တရာယ်ရှိနိုင်သည့် အဆောက်အအုံနှင့် သစ်ပင်များ ရှိ၊မရှိ အုပ်ချုပ်ရေးတာဝန်ရှိသူများအပါအဝင် သက်ဆိုင်ရာ အဖွဲ့စုံက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် မုန်တိုင်းသတိပေးချက်များကိုအသံချဲ့စက်များဖြင့် လိုက်လံသတိပေးနေကြောင်း ရန်ကုန်မြို့ခံအချို့က ပြောကြားသည်။
စက်တင်ဘာ ၂၈ ရက် ညနေပိုင်းမှစတင်ကာ ရန်ကင်း၊ တာမွေ အစရှိသည့်မြို့နယ်များတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက လိုက်လံ အသိပေးနေခြင်းဖြစ်သည်။
"မုန်တိုင်းဖြတ်မယ်။ ကြိုတင်ပြင်ဆင်ကြဖို့ အသိပေးနေတယ်။ ညနေက အသံချဲ့စက်နဲ့ လိုက်အော်တာ" ဟု တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
အားကောင်းသောမုန်တိုင်းငယ်၏ ဗဟိုချက် လေဖိအားမှာ ၁၀၀၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့် ဖြစ်သည်။