Eleven Media Group

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) ၏ လေယာဉ်အုပ်စုတိုးချဲ့မှုအနေဖြင့် ATR 72-600 လေယာဉ်အသစ် XY-ANE (MSN 1827) ရန်ကုန်လေဆိပ်သို့ ရောက်ရှိ

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) ၏ လေယာဉ်အုပ်စုတိုးချဲ့မှုအနေဖြင့် ATR 72-600 လေယာဉ်အသစ် XY-ANE (MSN 1827) ရန်ကုန်လေဆိပ်သို့ စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီက ရောက်ရှိကြောင်း သိရသည်။

MAI သည် ၎င်း၏ လေယာဉ်အုပ်စုနှင့် လေကြောင်းကွန်ရက် ဖွံ့ဖြိုးတိုးချဲ့ရေး၏ အဆင့်သစ်တစ်ရပ်အဖြစ် ATR 72-600 လေယာဉ်အသစ် XY-ANE (MSN 1827) ကို ကြိုဆိုပွဲ အခမ်းအနားအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါလေယာဉ်သည် ပြင်သစ်နိုင်ငံ၊ Toulouse မြို့မှ ပို့ဆောင်ပေးအပ်ပြီးနောက် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (RGN) သို့ ရောက်ရှိခဲ့ပြီး Water Cannon Salute ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ပြီး၊ MAI ၏ မြန်မာနိုင်ငံရှိ မြို့များအမည်ဖြင့် လေယာဉ်များကို အမည်ပေးသည့် အစဉ်အလာအရ XY-ANE ကို “Naypyitaw” ဟု အမည်ပေးထားကြောင်း သိရသည်။

အဆိုပါလေယာဉ်သည် မြန်မာနိုင်ငံတွင် နောက်ဆုံးပေါ်မျိုးဆက် PW127XT အင်ဂျင်တပ်ဆင်ထားသော ပထမဆုံး ATR 72-600 လေယာဉ်ဖြစ်ပြီး လည်ပတ်မှုကို ပိုမိုကောင်းမွန်စေခြင်း၊ လောင်စာဆီသုံးစွဲမှုကို ၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခြင်းနှင့် အင်ဂျင်အသုံးပြုနိုင်မှု (On-Wing Reliability) ပိုမိုကောင်းမွန်ခြင်းတို့ကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းနှင့် အနီးဝန်းကျင်ဒေသတွင်း ခရီးစဉ်များအတွက် MAI ၏ လေကြောင်းဆက်သွယ်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း သိရသည်။

XY-ANE နှင့်အတူ ATR 72-600 လေယာဉ်အုပ်စုတွင် ပါဝင်မည့် XY-ANF (MSN 1836) သည်လည်း ထပ်မံဝင်ရောက်လာမည်ဖြစ်ပြီး ခေတ်မီပြီး ထိရောက်မှုရှိသော လေယာဉ်အုပ်စု တည်ဆောက်ရေး ရည်မှန်းချက်နှင့်အညီ ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလေယာဉ်ရောက်ရှိလာမှုသည် ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း အကောင်အထည်ဖော်မည့် MAI ၏ မဟာဗျူဟာမြောက် လေယာဉ်အုပ်စုတိုးချဲ့ရေးအစီအစဉ်၏ အစပြုခြေလှမ်းတစ်ရပ်လည်း ဖြစ်ကြောင်း၊ အဆိုပါ မဟာဗျူဟာအရ MAI သည် ၎င်း၏ အဓိက Airbus လေယာဉ်အုပ်စုကို လက်ရှိ ရှစ်စီးမှ ၁၁ စီးအထိ တိုးချဲ့သွားမည်ဖြစ်ပြီး Wet-Lease စနစ်ဖြင့် လည်ပတ်မည့် A321F လေယာဉ် တစ်စီးလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ဒေသတွင်းခရီးစဉ်များအတွက် ATR Turboprop လေယာဉ်အုပ်စုကို လက်ရှိ လေးစီးမှ ကိုးစီးအထိ တိုးမြှင့်သွားမည်ဖြစ်ပြီး Mingalar နှင့်အတူ လည်ပတ်မည့် လေယာဉ် တစ်စီးလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုးချဲ့ရေးအစီအစဉ်များ အကောင်အထည်ဖော်ပြီးစီးပါက ၂၀၂၆ ခုနှစ် နှစ်ကုန်တွင် MAI ၏ စုစုပေါင်းလေယာဉ်အရေအတွက်သည် ၂၀ စီးအထိ ရောက်ရှိရန် ရည်မှန်းထားပြီး မြန်မာနိုင်ငံ၏ Narrowbody နှင့် Turboprop လေယာဉ်အုပ်စုများကို အကျယ်ပြန့်ဆုံး လည်ပတ်သည့် လေကြောင်းလိုင်းတစ်ခုအဖြစ် နိုင်ငံ၏ လေကြောင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် စံသစ်တစ်ရပ် ဖော်ဆောင်သွားရန် ရည်မှန်းထားကြောင်း သိရသည်။

“XY-ANE ရောက်ရှိလာခြင်းသည် လေယာဉ်အုပ်စုတိုးချဲ့ခြင်းတစ်ခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ MAI နှင့် မြန်မာနိုင်ငံ၏ လေကြောင်းကဏ္ဍအတွက် အရေးပါသော ဖွံ့ဖြိုးတိုးတက်မှုအဆင့်သစ်တစ်ရပ်ကို ဖော်ဆောင်ပေးခြင်းဖြစ်ပါသည်” ဟု MAI & Mingalar ၏ Chief Executive Officer ဖြစ်သူ Mr. Tanes Kumar က ပြောကြားခဲ့သည်။

အဆိုပါ မဟာဗျူဟာမြောက် လေယာဉ်အုပ်စုတိုးချဲ့မှုသည် မြန်မာနိုင်ငံ၏ လေကြောင်းခရီးသွားလာမှု အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း၊ လေယာဉ်အုပ်စု တိုးချဲ့ခြင်းအားဖြင့် MAI သည် ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးစဉ်ကွန်ရက်များကို ပိုမိုချဲ့ထွင်သွားမည်ဖြစ်သကဲ့သို့ ခရီးစဉ်အကြိမ်ရေများ တိုးမြှင့်ပြီး ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးဈေးကွက်များအတွက် ခရီးစဉ်အချိန်ဇယား ရွေးချယ်စရာများကိုလည်း ပိုမိုတိုးတက်ကောင်းမွန်စေမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိကလေကြောင်းလိုင်းတစ်ခုအဖြစ် MAI သည် မြန်မာနိုင်ငံအတွင်းရှိ မြို့များအကြားနှင့် ကမ္ဘာ့အရေးပါသော လေကြောင်းအချက်အချာနေရာများသို့ ချိတ်ဆက်ပေးနိုင်ရန်အတွက် လေကြောင်းဆက်သွယ်မှုများကို ဆက်လက်တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပြုနိုင်ရန် ရေရှည်အာရုံစိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group