
မန်ယူအသင်းရဲ့ ကစားသမားဟောင်း ရွိုင်ကင်းက သူသာ မန်စီးတီးကစားသမားဖြစ်ခဲ့ပါက ရရှိခဲ့တဲ့ ဆုတံဆိပ်တွေကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို အကြိမ်တစ်ရာကျော် ချိုးဖောက်ခဲ့ကြောင်း စွဲချက်တင်ခံထားရပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကလည်း မန်စီးတီးအသင်း ပြစ်မှုကျူးလွန်ခဲ့တာမှန်ကန်ကြောင်း အတည်ပြုကြေညာလိုက်တာကြောင့် ရွိုင်ကင်းက အခုလို ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ စွဲချက်တင်ခံထားရတဲ့ ကာလအတွင်းမှာ ဆုဖလား(၈)ခု ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု (၃)ကြိမ်၊ FA ဖလား(၁)ကြိမ်၊ လိဂ်ဖလား(၃)ကြိမ်နဲ့ ကွန်မြူနတီဒိုင်း(၁)ကြိမ် ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မန်စီးတီးအသင်းက စွဲချက်တွေအတွက် အယူခံဝင်ခွင့်ရှိနေသေးပြီး ပရီးမီးယားလိဂ်က ပြစ်ဒဏ်ချမှတ်မှု မရှိသေးပေမဲ့ အယူခံမအောင်မြင်လို့ ပြစ်ဒဏ်ချမှတ်မယ်ဆိုရင် အဲဒီကာလအတွင်း ရရှိထားတဲ့ ဆုဖလားတွေကို ပြန်လည်ရုပ်သိမ်းခံရနိုင်တဲ့ အခြေအနေမျိုး ရှိနေပါတယ်။
ဒါ့အပြင် ကြီးလေးတဲ့ အမှတ်လျှော့ပြစ်ဒဏ်တွေ၊ ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခံရတဲ့ ပြစ်ဒဏ်တွေ၊ ဒဏ်ငွေပေးဆောင်ရမယ့် ပြစ်ဒဏ်တွေလည်း ချမှတ်ခံရဖွယ်ရှိနေပါတယ်။
''ကျွန်တော်သာ (မန်စီးတီး)ကစားသမားတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ဆုတံဆိပ်အကုန်လုံးကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်မှာပါ။ အဲဒါတွေက လိမ်လည်လှည့်စားပြီး ရရှိခဲ့တာကြောင့်ပါ။ သူတို့ ကွင်းထဲမှာ အနိုင်ရခဲ့တာက ဘာကြောင့်လဲဆိုတော့ လိမ်လည်လှည့်စားမှုတွေနဲ့ လျှောက်လှမ်းနေတာကြောင့်ပါပဲ။ ဒါက လူပေါင်းများစွာကို နာကျင်စေကြောင်း သူတို့ သိပေမဲ့ သူတို့ ဆက်လုပ်နေခဲ့ပါတယ်'' လို့ ရွိုင်ကင်းက ပြောကြားခဲ့ပါတယ်။