Eleven Media Group

မန်စီးတီးအသင်းကို မကြုံစဖူး ပြင်းထန်တဲ့ပြစ်ဒဏ် ချမှတ်သင့်ကြောင်း အီယန်ရိုက် တောင်းဆို

Photo: X

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဘောလုံးသုံးသပ်သူ အီယန်ရိုက်က မန်စီးတီးအသင်းကို မကြုံစဖူး ပြင်းထန်တဲ့ပြစ်ဒဏ် ချမှတ်သင့်ကြောင်း တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
မန်စီးတီးအသင်းက ၂၀၀၉-၁၀ ရာသီကနေ ၂၀၁၇-၁၈ ရာသီအထိ (၉)ရာသီအတွင်းမှာ စာချုပ်စာတမ်းအတုတွေပြုလုပ်ကာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို (၁၁၅)ကြိမ်အထိ ချိုးဖောက်ခဲ့ကြောင်း သိရှိရပါတယ်။
မန်စီးတီးအသင်းက အပြစ်ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ထားပြီး အယူခံဝင်သွားမှာဖြစ်ကြောင်း ကြေညာထားပေမဲ့ အပြစ်ပေးအရေးယူမှုတွေနဲ့ ရင်ဆိုင်ရဖို့တော့ အတော်လေးနီးစပ်နေပါပြီ။
''ဒါဟာ အကြီးအကျယ်စနစ်တကျ လိမ်လည်လှည့်ဖြားခဲ့တာပါ။ ဒါတွေကို အခုလိုမျိုး ရေးသားဖော်ပြထားတာကို မြင်ရတာ မယုံနိုင်စရာပါပဲ။ အရင်ကမရှိခဲ့ဖူးတဲ့ မကြုံစဖူး ပြင်းထန်တဲ့ပြစ်ဒဏ်မျိုး ချမှတ်ဖို့ လိုအပ်ပါတယ်။ ဒါက ပရီးမီးယားလိဂ်အတွက် အလွန်အရေးကြီးတဲ့ နေ့ရက်ပါ။ သူတို့ တစ်နိုင်ငံလုံးနဲ့ ရင်ဆိုင်ရတာပါ။ အခြေအနေက အရမ်းရှုပ်ထွေးသွားပါပြီ။ လာမယ့်ပွဲစဉ် လီဗာပူးလ်ကို သွားကစားရမှာကလည်း သူတို့အတွက် ပြဿနာတစ်ရပ်ပါပဲ။ သူတို့ရဲ့ မှန်ကန်တဲ့ အချိန်အခါမှာ လီဗာပူးလ်က သူတို့ကို အမီလိုက်နိုင်ဖို့ ကြိုးစားခဲ့ရပါတယ်။ ယာဂန်ကလော့ပ် ပြိုလဲသွားတာလည်း ဒါကြောင့် ဖြစ်နိုင်ပါတယ်။ ဒီကိစ္စက ဥပဒေကြောင်းအရ ရင်ဆိုင်မှုတွေနဲ့ ရှည်ကြာသွားနိုင်ပါတယ်'' လို့ အီယန်ရိုက်က ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေ ကျူးလွန်ပြီး အသင်းကို တည်ဆောက်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အင်အားအကြီးဆုံးအသင်းတစ်သင်း ဖြစ်လာခဲ့တဲ့အတွက် ပြိုင်ဘက်ကလပ်အသင်းများစွာအပေါ် ထိခိုက်နစ်နာမှုတွေ ရှိစေခဲ့ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group