Eleven Media Group

အမေရိကန်အသင်းရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် မားသိစ်အောလ်ဘတ် စံချိန်တင်

Photo: X

ဒေါ့မွန်အသင်းရဲ့ ဆယ်ကျော်သက် တိုက်စစ်ကစားသမား မားသိစ်အောလ်ဘတ်ဟာ အမေရိကန်လက်ရွေးစင်အသင်းရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။
မားသိစ်အောလ်ဘတ်ဟာ ချီလီအသင်းကို (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်းအတွက် နောက်ဆုံးဂိုးကို သွင်းယူပြီး စံချိန်မှတ်တမ်းသစ် ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။
မားသိစ်အောလ်ဘတ်ဟာ အသက်(၁၇)နှစ်၊ (၁၃၁)ရက်အရွယ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ၀ါရင့်တိုက်စစ်မှူး ပူလီဆစ်ရဲ့ (၁၇ နှစ်၊ ၂၅၃ ရက်)စံချိန်ကို ကျော်ဖြတ်ပြီး အမေရိကန်အသင်းရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူ ဖြစ်လာခဲ့တာပါ။
ချီလီနဲ့ပွဲမှာ အမေရိကန်နည်းပြ ပိုချက်တီနို အသုံးပြုခဲ့တဲ့ ပွဲထွက်ကစားသမား(၁၁)ဦးရဲ့ ပျမ်းမျှအသက်က (၂၃)နှစ်နဲ့ (၂၅)ရက်သာရှိသာကြောင့် သူ့လက်ထက်မှာ အငယ်ရွယ်ဆုံး ပွဲထွက်လူစာရင်း ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။
မားသိစ်အောလ်ဘတ်ကတော့ ပွဲချိန်(၇၉)မိနစ်မှာမှ လူစားဝင်ကစားခဲ့ရတာဖြစ်ပြီး နာကျင်အချိန်ပိုမှာ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
မားသိစ်အောလ်ဘတ်ဟာ အခု နိုင်ငံတကာရက်သတ္တပတ်မှာမှ လက်ရွေးစင်အသင်းအတွက် စတင်ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ပီရူးနဲ့ပွဲမှာ လက်ရွေးစင်ကစားသမားဘဝကို လူစားဝင်ကစားကာ အစပြုနိုင်ခဲ့ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group