
မိုနာကိုအသင်းဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ပထမဆုံးဂိုးသွင်းနိုင်ခဲ့တဲ့ ညာနောက်ခံလူ ဗန်ဒါဆန်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဗန်ဒါဆန်(၂၅ နှစ်)ဟာ ဘရာဇီးလ်လက်ရွေးစင်အဖြစ် ၂၀၂၃ ခုနှစ်ကတည်းက ရွေးချယ်ခံခဲ့ရသူဖြစ်ပေမဲ့ (၈)ပွဲမြောက် ကစားခွင့်ရတဲ့ သြစတြေးလျနဲ့ ခြေစမ်းပွဲမှာမှ လက်ရွေးစင်ကစားသမားဘဝ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့တာပါ။
မိုနာကိုအသင်းက ဗန်ဒါဆန်ကို ၂၀၂၂ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဂရီမီယိုအသင်းကနေ ယူရို(၁၁)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၈ ခုနှစ်အထိ ရှိနေပါတယ်။
ဗန်ဒါဆန်က မိုနာကိုအသင်းအတွက် ပြိုင်ပွဲစုံ (၁၅၄)ပွဲကစားကာ (၈)ဂိုးသွင်းယူပေးထားပြီး ဒီရာသီမှာ အသင်းရဲ့ အမာခံကစားသမားအဖြစ် ပွဲတိုင်းပွဲထွက်ကစားခွင့်ရရှိထားကြောင်း သိရပါတယ်။
ဒါကြောင့် မိုနာကိုအသင်းက စာချုပ်သစ်အတွက် ဆွေးနွေးဖို့ စီစဉ်နေတာဖြစ်ပြီး ဘာစီလိုနာနဲ့ မန်ယူအသင်းတို့က ဗန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းလည်း သတင်းထွက်ခဲ့ဖူးပါတယ်။