
ပြီးခဲ့သည့်သီတင်းပတ်က တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံခဲ့ချိန်က မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်နိုင်ငံသား ဦးမင်းဇင်အပါအဝင် တရုတ်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အကျဉ်းသားများကို ပြန်လွှတ်ပေးရန် ဆွေးနွေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ဇွန်လအတွင်းက ဖမ်းဆီးခံခဲ့ရသည့် ဦးမင်းဇင်နှင့် ဟောင်ကောင်၏ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူဖြစ်သည့် မီဒီယာလုပ်ငန်းရှင် ဂျင်မီ လိုင်ကဲ့သို့ အကျဉ်းသားများ၏ အရေးကိစ္စများကို ထည့်သွင်းပြောဆိုခဲ့ခြင်း ရှိမရှိ သတင်းထောက်များက မေးမြန်းချိန်တွင် ထရန့်က "ကျွန်တော် ပြောခဲ့ပါတယ်။ သမ္မတ ရှီနဲ့ တကယ်ကို ပြောခဲ့ပါတယ်" ဟု ဖြေကြားခဲ့သည်။
"ကျွန်တော်တို့ စကားပြောခဲ့ကြပါတယ်။ အရမ်းအရေးကြီးတဲ့ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ အကျိုးရှိတဲ့ ရလဒ်တွေ ပေါ်ပေါက်လာစေမယ့် ဆွေးနွေးမှုတွေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ထရန့်က ပြောကြားခဲ့သည်။
သမ္မတ ရှီ၏ အမေရိကန်ခရီးစဉ် မတိုင်မီကတည်းက ထရန့်သည် တရုတ်နိုင်ငံတွင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၏ အရေးကိစ္စများကို ရှီနှင့် ဆွေးနွေးသွားဖွယ်ရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
တိဘက်၊ ဝီဂါ မွတ်ဆလင် လူနည်းစုအုပ်စုများနှင့် တရုတ်နိုင်ငံ၏ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဥပဒေအသစ်တို့နှင့်စပ်လျဉ်းသည့် ကျယ်ပြန့်သော လူ့အခွင့်အရေး ကိစ္စများကို ထရန့်က ဆွေးနွေးရန် ရည်ရွယ်ခဲ့ခြင်း ရှိ၊ မရှိကိုမူ အိမ်ဖြူတော်က ဖော်ပြခဲ့ခြင်း မရှိပေ။
ဦးမင်းဇင်သည် ဇွန်လအတွင်းက တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် အမေရိကန်အစိုးရက ၄င်းအား မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူအဖြစ် သြဂုတ်လတွင် တရားဝင် သတ်မှတ်ခဲ့သည်။
Ref: Reuters