
အစ္စရေးသို့ ပျံသန်းသည့် Flydubai လေကြောင်း လိုင်း၏လေယာဉ်ပေါ်တွင် လုပ်ဆောင်ခဲ့သည့် လက်ထောက် လေယာဉ်မှူး၏တိုက်ခိုက်မှုသည် အီရန်နှင့်ဆက်စပ်နေကြောင်းတွေ့ရမည်ဆိုပါက အီရန်ကို အလွန်ပြင်းထန်စွာ တိုက်ခိုက်ရလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အောက်တိုဘာ ၁ ရက်တွင်သတိပေးခဲ့သည်။
စက်တင်ဘာ ၃၀ ရက်က ဒူဘိုင်းမှတဲလ်အဗစ်သို့ ပျံသန်းသည့် လေယာဉ်ပေါ်တွင် ခရီးသည်များ၏ ဝိုင်းဝန်းကူညီမှုကြောင့် လေယာဉ်ပျက်ကျလုနီးပါး အခြေအနေကိုတားဆီးနိုင်ခဲ့ပြီး ဆော်ဒီအာရေဗျတွင် လေယာဉ်ကို အရေးပေါ် ဆင်းသက်ခဲ့ရသည်။
အများစု အစ္စရေးနိုင်ငံသားများဖြစ်ကြသည့်ခရီးသည်များကို နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရာ ၎င်းတို့သည်အမိနိုင်ငံ၌ သူရဲကောင်းများအဖြစ် ကြိုဆိုခြင်း ခံခဲ့ရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယူအေအီးက အကြမ်းဖက်မှုနှင့်ဆက်နွှယ်မှု ရှိမရှိ စုံစမ်းစစ်ဆေးမှုများ စတင်နေချိန်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက သံသယရှိသူသည် "အစွန်းရောက် အစ္စလာမ်မစ် ဝါဒမှိုင်းတိုက်ခံထားရသူ" ဖြစ်သည်ဟုပြောကြားခဲ့သည်။
ထို့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို လေယာဉ်ပေါ်၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် အီရန်နိုင်ငံ ပါဝင်ပတ်သက်မှု ရှိမရှိ သတင်းထောက်များက အိမ်ဖြူတော်၌ မေးမြန်းရာတွင် အီရန်ပါဝင်နိုင်သည်ဟု မိမိကြားသိရသော်လည်း လက်ရှိတွင် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟုပြောကြားခဲ့သည်။
အကယ်၍ အီရန်တွင် တာဝန်ရှိကြောင်း တွေ့ရှိပါက အမေရိကန်ကလက်တုံ့ပြန်မည်လားဟု မေးမြန်းသည့်အခါ ထရန့်က အီရန်ကို အလွန်ပြင်းထန်စွာ တိုက်ခိုက်ရလိမ့်မည်ဟုဆိုခဲ့သည်။
ထရန့်၏ သတိပေးပြောကြားမှုသည် အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်၏ စစ်ရေးပြင်ဆင်မှုများ တိုးမြှင့်လာချိန်နှင့် တိုက်ဆိုင်နေသည်။
အဓိက စွမ်းအင်အဆောက်အအုံများကို အီရန်တိုက်ခိုက်မှုမှ ကာကွယ်ရန်ဝါရှင်တန်သည် ဆော်ဒီအာရေဗျနှင့် ကာတာနိုင်ငံတို့သို့ ပက်ထရီယော့ဒုံးခွင်းဒုံးများကို ထပ်မံဖြန့်ကြက်ထားသည်ဟု Axios သတင်းတွင် ဖော်ပြထားသည်။ ထို့အပြင် USS Theodore Roosevelt လေယာဉ်တင် သင်္ဘောနှင့် စစ်သင်္ဘောအုပ်စုသည် အရှေ့အလယ်ပိုင်းသို့ ဦးတည်ထွက်ခွာနေပြီး ဒေသတွင်း ရောက်ရှိနှင့်ပြီးဖြစ်သော အမေရိကန်လေယာဉ်တင် သင်္ဘောအုပ်စု နှစ်စုနှင့် သွားရောက်ပူးပေါင်းနိုင်သည်ဟု ဆိုသည်။
တစ်ဖက်တွင်လည်း ဖြစ်စဉ် ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ အမျိုးမျိုး ခန့်မှန်းပြောဆို နေကြစဉ် ယူအေအီးနှင့် ဆော်ဒီအာရေဗျတို့က လေယာဉ်မောင်းခန်းအတွင်း ဖြစ်ပျက်ခဲ့သည်များကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဆော်ဒီအာရေဗျ၏ ပဏာမစုံစမ်းစစ်ဆေးမှုများအရ လက်ထောက်လေယာဉ်မှူးက လေယာဉ်မှူးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အဆိုပါလက် ထောက်လေယာဉ်မှူးကို ယူအေအီးလုံခြုံရေးအဖွဲ့၏ စောင့်ကြပ်မှုဖြင့် ယူအေအီးသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် လေယာဉ်ကို ထိန်းချုပ်နိုင်ရေးအတွက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရပြီး ဆော်ဒီအာရေဗျတွင် အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။ ခရီးသည်များကိုမူ နောက်ထပ်လေယာဉ်ဖြင့် အစ္စရေးနိုင်ငံသို့ ဆက်လက် ပို့ဆောင်ပေးခဲ့သည်။
Ref:AFP