
■ လွှတ်တော်က တတိယအကြိမ်ရောက်နေသော်လည်း အလုပ်လုပ်ရက် ရက် ၄၀ မပြည့်ဘဲ နားရက်က ရာချီနေဟု ဆို
လွှတ်တော်ကိုယ်စားလှယ်များ သောကြာနေ့တွင် ခွင့်တိုင်ကြားသူများနေသည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
ယနေ့ (အောက်တိုဘာ ၂ ရက်) ပြုလုပ်သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့တွင် လွှတ်တော်အခွင့်အရေးကော်မတီက လွှတ်တော်ကိုယ်စားလှယ်များ ခွင့်တိုင်ကြားမှုအစီအစဉ်အပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်ဦးရေ ၃၅၁ ဦးရှိသည့်အနက် ကိုယ်စားလှယ်ဦးရေ ၃၃၃ ဦး လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ပြီး ကိုယ်စားလှယ်ဦးရေ ၁၈ ဦး ခွင့်တိုင်ကြားခြင်းဖြစ်သည်။
"သောကြာနေ့သည် နည်းနည်းလေး အပျက်များနေတယ်လို့ ကျွန်တော်က ဒီလိုသွားပြီးတော့ သုံးသပ်မိတယ်။ အစဉ်အလာအရလည်း သောကြာနေ့ဆိုရင် အစည်းအဝေးကို နေ့တဝက်ဆိုင်းပေးပါတို့ ဘာတို့ ညာတို့။ ကျွန်တော်တို့က ဒီလိုဆိုင်းပေးဖို့ ဆန္ဒမရှိပါဘူး"ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
"ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပြည်သူတွေ လိုလားတဲ့ မေးခွန်းတွေကို တတ်နိုင်သမျှ ကျွန်တော်တို့ ကာလမှာ ပြီးစီးသွားအောင် ဖြေစေချင်တဲ့ ဆန္ဒမျိုးပဲ ရှိပါတယ်။ ဒါလေးကို ကျွန်တော်တို့ ထပ်မံပြီးတော့ လွှတ်တော်ကိုယ်စားလှယ်များကို ကျွန်တော် အသိပေးမေတ္တာရပ်ခံပါတယ်"ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ဆက်လက်ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ယူခြင်းနှင့်ပတ်သက်၍ မကြာသေးမီကာလအတွင်းက ခွင့်ယူသူများနေသဖြင့် ကျန်းမာရေးနှင့် အရေးပေါ်ကိစ္စများမှလွှဲ၍ တတ်နိုင်သမျှ အစည်းအဝေးတက်ရောက်မှု မှန်စေချင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မိမိတို့သည် ပြည်သူများက ရွေးချယ်ပေးသည့် ကိုယ်စားလှယ်များဖြစ်ကြောင်း၊ ယနေ့ လွှတ်တော်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တင်ပြချက်များအပေါ် ပြည်သူများက မျှော်လင့်တကြီးဖြင့် စောင့်ကြည့်နေချိန်ဖြစ်သည့်အတွက် ဖြစ်နိုင်ပါက မပျက်ကွက်ရန် လွှတ်တော်ကိုယ်စားလှယ်များကို တင်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။
ထိုသို့ တင်ပြပြီးနောက် ပြည်သူ့လွှတ်တော်တွင် ခွင့်ယူသူ နည်းပါးသွားခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
"ကျွန်တော် ဒီမှာ ထပ်တွေ့တာက သောကြာနေ့လိုဟာမျိုးမှာ ခွင့်ယူတဲ့သူတွေ များကြတယ်။ ဒါက ခုနကအကြောင်း၊ ကျန်းမာရေးအကြောင်းပေါ့လေ။ ကျန်းမာရေးအကြောင်းဆိုရင်တော့လည်း ကိစ္စမရှိပါဘူး။ ဒါလည်း ရာသီအပြောင်းမှာ ကျန်းမာရေးကို ဂရုစိုက်ဖို့လိုပါတယ်"ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
"ကျွန်တော်တို့ လွှတ်တော်ရက်ကက အင်မတန်နည်းပါတယ်။ လွှတ်တော်က တတိယအကြိမ်သက်တမ်းရောက်ပြီဆိုသော်လည်းပဲ အလုပ်လုပ်ရက်ကို တွက်ကြည့်ရင် ရက် ၄၀ တောင် မပြည့်ဘူး။ နားရက်က ရာချီနေတယ်"ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သောကြာနေ့တွင် မိမိတို့ သက်ဆိုင်ရာဒေသများသို့ ပြန်၍ စနေ၊ တနင်္ဂနွေနေ့များတွင် ပြည်သူလူထုနှင့် ထိတွေ့ကာ ပြည်သူ့အသံများ နားထောင်နိုင်ကြောင်း၊ ထို့ပြင် ကိုယ်ရေးကိုယ်တာကိစ္စများလည်း ဆောင်ရွက်နိုင်ကြောင်း၊ တနင်္ဂနွေနေ့တွင် နေပြည်တော်သို့ ပြန်လာနိုင်ကြောင်း၊ ထိုသို့မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များအတွက် သောကြာနေ့ ခွင့်ယူခြင်းသည် မကောင်းကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။