
ကမ္ဘာ့စွမ်းအင်စျေးကွက် တည်ငြိမ်စေရေးအတွက် အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ(IEA) မှ မဟာဗျူဟာမြောက် သိုလှောင်ထားသော အရန်ရေနံစည်များထဲမှ စည် ၃၂၅ သန်းကို အောက်တိုဘာ ၃ ရက်တွင်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA)၏အဖွဲ့ဝင်နိုင်ငံများက မတ်လက ကတိပေးထားသည့် ရေနံစည် သန်း ၄၀၀ ထဲမှ လက်ရှိအချိန်ထိ စည် ၃၂၅ သန်းကို ထုတ်ပေးလိုက်ပြီဟု အောက်တိုဘာ ၃ ရက်တွင် ယင်းအေဂျင်စီက ပြောကြားလိုက်ပြီး မဟာဗျူဟာမြောက်သိုလှောင်ထားသည့်ရေနံများထဲမှ ရေနံနှင့်ဆင့်ပွားထုတ်ကုန်များကို ထုတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
IEA နှင့်အတူညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ဂျီ-၇ နိုင်ငံများက အမေရိကန်-အီရန်စစ်ပွဲ၏အခြေနေဆိုးကြောင့် ဖြစ်လာသောကမ္ဘာ့စွမ်းအင် ရရှိရေး ပူပန်မှုများ လျော့ပါးရေးအတွက်ဒီဇယ်နှင့် ရေနံစိမ်း စည်သန်း ၁၀၀ ကို ချက်ချင်းထုတ်ပေးရန်သဘောတူညီခဲ့ပြီးနောက် တစ်ရက်အကြာတွင်အပြည် ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ၏အထက်ပါထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
ဂျီ-၇ က စည်သန်း ၁၀၀ သည် မတ်လတုန်းက IEA ကတိပြုထားသည့်အထဲမှ ကျန်နေသော စည် ၇၅ သန်း ပါဝင်သလောသို့မဟုတ် အပိုထပ်ဆောင်းပေးခြင်းလောဆိုသည်ကို ပြောကြားခြင်းမရှိပေ။
သမ္မတထရန့်၏အမေရိကန်အစိုးရကအမေရိကနှင့်အခြားနေရာတို့တွင်ကြုံတွေ့နေရသည့် လောင်စာဈေးမြင့်တက်နေမှုများ လျော့နည်းသွားစေရန်အရန်ဒီဇယ်များ ထုတ်ပေးရေးအတွက်မဟာမိတ်နိုင်ငံများကို ဖိအားပေးလျက်ရှိသည်။
ဒီဇယ်ရရှိရေးအကန့်အသတ်ဖြစ်နေခြင်းက အရှေ့အလယ်ပိုင်းစစ်ပွဲ၏နောက်ဆက်တွဲအကျိုးဆက်တစ်ခုဖြစ်သည်။ အီရန်ကအမေရိကန်နှင့်အစ္စရေးတို့၏တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားသည်။
ယူကရိန်းကရုရှား၏တိုက်ခိုက်မှုများကိုတုံ့ပြန်မှုအဖြစ်ရုရှားရေနံချက်စက်ရုံများကိုတိုက်ခိုက်ခဲ့ခြင်းကလည်းစွမ်းအင်ဈေး ကွက်ကို သက်ရောက်မှုများရှိနေသည်။
အောက်တိုဘာ ၃ ရက် ထုတ်ပြန်ချက်တွင် IEA က ဖော်ပြခဲ့ရာ၌ မတ် ၁၁ ရက်တွင် ကြေညာခဲ့သည့် IEA စုပေါင်းဆောင်ရွက်မှုမှရရှိသည့် စည် ၃၂၅ သန်းဝန်းကျင်ကို လက်ရှိအချိန်အထိထုတ်ပေးလိုက်သည်ဟုဖော်ပြခဲ့ရာထိုပမာဏသည် မူလကတိပေးထားသည့် စည်သန်း ၄၀၀ ၏ ၈၀ ရာခိုင် နှုန်းကျော်ကိုကိုယ်စားပြုနေသည်ဟုဖော်ပြခဲ့သည်။
မတ်လတွင် ကတိပြုခဲ့သည့် IEA၏အဖွဲ့ဝင် ၃၂ နိင်ငံထဲတွင် ဂျီ-၇ နိုင်ငံများဖြစ်သည့် ဗြိတိန်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်၊ဂျပန်၊ အမေရိကန်ပြည်ထောင်စုတို့ပါဝင်ခဲ့ကြသည်။
Ref:AFP