Eleven Media Group

ခရစ္စတာပိုက်ကို ကွပ်မျက်မှု မအောင်မြင်ပြီးနောက် တန်နက်ဆီပြည်နယ် အကျဉ်းထောင်ဌာန အကြီးအကဲ နုတ်ထွက်

အမေရိကန်ပြည်ထောင်စု ၊ တန်နက်ဆီပြည်နယ်တွင် အကျဉ်းသူခရစ္စတာပိုက်အား ကွပ်မျက်မှု မအောင်မြင်ခဲ့ပြီးနောက် ပြည်နယ်အကျဉ်းထောင်ဌာန အကြီးအကဲ ဖရန့်ခ် စထရာဒါ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဘီလ်လီက အောက်တိုဘာ ၃ ရက်တွင် ကြေညာခဲ့သည်။

အသက် ၅၀ အရွယ် ခရစ္စတာပိုက်ကို ကွပ်မျက်ရာ မအောင်မြင်ခဲ့ဘဲ သတိလစ်ပြီး အသက်ရှူစက်တပ် ထားရသည့် အခြေအနေ ဖြစ်သွားခဲ့သည်။ ပြည်နယ်အစိုးရအဖွဲ့အတွင်း ယခုနုတ်ထွက်မှုသည် အကြီးစား အပြောင်းအလဲတစ်ရပ် ဖြစ်လာခဲ့သည်။ စထရာဒါသည် ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီတွင်စတင်ကာ တန်နက်ဆီ အကျဉ်းထောင်ဌာန၏ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည်။

စထရာဒါကို ရာထူးမှနုတ်ထွက်ပေးရန် ပြည်နယ်အုပ်ချုပ်ရေးမှူး လီနှင့် တစ်ပါတီတည်းဖြစ်သည့် ရီပတ်ဘလစ်ကန် ပါတီဝင်အချို့အပြင် ရွေးကောက်ခံ အရာရှိများကလည်း တောင်းဆိုခဲ့ကြသည်။ တန်နက်ဆီပြည်နယ်တွင် သေဆုံးရန် အချိန်အနည်းငယ်သာ လိုတော့သည့် အကျဉ်းသားတစ်ဦးကို သေဒဏ်ပေးမှု မအောင်မြင်ခဲ့သည်မှာ ခရစ္စတာပိုက်ဖြစ်ရပ်က မေလနောက်ပိုင်း ဒုတိယဖြစ်ရပ် ဖြစ်သည်။

ပိုက်ကို သေဒဏ်ပေးရန် ကြိုးပမ်းခဲ့စဉ်က အခြေအနေများကို ပြန်လည်စစ်ဆေးရန် အမေရိကန်အစိုးရ ရှေ့နေဟောင်း အက်ဒ်စတန်တန်ကို တာဝန်ပေးမည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက ကြေညာထားသည်။ စတန်တန်သည် ၂၀၂၂ ခုနှစ်က တန်နက်ဆီတွင် ရပ်ဆိုင်းလိုက်ရသည့် သေဒဏ်ပေးမှုတစ်ခုကို စစ်ဆေးရန် တာဝန်ပေးခံခဲ့ရပြီး ထိုစစ်ဆေးမှုတွင် တန်နက်ဆီပြည်နယ်က အဆိပ်ထိုးသေဒဏ်ပေးသည့် လုပ်ငန်းစဉ်ကို သတ်မှတ်ထားသည့် စည်းမျဉ်းများအတိုင်း လိုက်နာခြင်းမရှိသည်ကို တွေ့ရှိခဲ့သည်။

စက်တင်ဘာ ၃၀ ရက်က ပိုက်ကို ကွပ်မျက်မှုတွင် pentobarbital ဟုခေါ်သည့် သေစေနိုင်သောဆေးကို နှစ်ကြိမ်ထိုးပေးခဲ့သည့်တိုင် မအောင်မြင်ခဲ့ပေ။ ပိုက်သည် ၁၉၉၅ ခုနှစ်က ချစ်သူနှင့်အတူ အတန်းဖော် ကော်လင်း ဆလမ်မာကို မနာလိုစိတ်ဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ လူသတ်မှုကျူးလွန်စဉ်က ပိုက်သည် အသက် ၁၈ နှစ်ဖြစ်ပြီး သေဒဏ်ကျခဲ့ကာ ၎င်း၏ချစ်သူက အသက် ၁၇ နှစ်ဖြစ်သည့်အတွက် ထောင်တစ်သက်တစ်ကျွန်း ကျခဲ့သည်။

သေဒဏ်ပေးရေးအဖွဲ့နှင့်လည်း ပိုက်သည် အသာတကြည် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အကြောထဲသို့ ဆေးပိုက်ထည့်ရန် ကြိုးပမ်းနေစဉ် “ဒီနေရာမှာ စမ်းကြည့်ပါ၊ ဒီနေရာမှာ စမ်းကြည့်ပါ” ဟုပင် ပြောရှာသည်ဟု ပိုက်၏ရှေ့နေတစ်ဦးက သတင်းထောက်များကိုပြောသည်။ ဆေးရည်သည် သွေးကြောထဲမရောက်ဘဲ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တန်နက်ဆီပြည်နယ်၌ သေဒဏ်ပေးမှု အသစ်များကို ရပ်ဆိုင်းထားသည်။ ယခုလအတွင်း နုတ်ထွက်တော့မည့် စထရာဒါက သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မိမိတို့၏ တာဝန်ကို ဆောင်ရွက်ခဲ့သည်ဟု ယုံကြည်ကြောင်း ၊ သို့သော် ၎င်းနုတ်ထွက်မှုက တန်နက်ဆီပြည်သူများအတွက် အကောင်းဆုံးဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

မေလတွင် တန်နက်ဆီပြည်နယ်၌ အကျဉ်းသား တိုနီ ကာရူးသားစ်ကို သေဒဏ်ပေးမှုသည်လည်း မအောင်မြင်ခဲ့ပေ။ ထောင်ဝန်ထမ်းများက ၎င်း၏ညာဘက်လက်မောင်းတွင် ဆေးသွင်းပိုက် ထည့်နိုင် ခဲ့သော်လည်း ဒုတိယမြောက် ဆေးသွင်းပိုက်ကို မထည့်နိုင်ခဲ့ပေ။ ထို့နောက် ပြည်နယ်အုပ်ချုပ်ရေးမှူးက ၎င်းကိုထပ်မံသေဒဏ်ပေးရန် အနည်းဆုံး တစ်နှစ်စောင့်ခိုင်းထားသည်။

၂၀၂၅ ခုနှစ်မှစ၍ တန်နက်ဆီပြည်နယ်တွင် အကျဉ်းသားလေးဦးကို သေဒဏ်ပေးခဲ့သည်။

Ref: AP

မူရင်းသတင်း — Eleven Media Group