
ဖိလစ်ပိုင်နိုင်ငံတွင် ကျားဖျန့်လုပ်ငန်းများကို ဝင်ရောက်စီးနင်းပြီး တရုတ်နိုင်ငံသားအများစုအပါအဝင် ပြည်ပနိုင်ငံသား ၂၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေးဗျူရိုက ပြောကြားခဲ့သည်။
အဆိုပါစီးနင်မှုသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်၌ တရားမဝင် ကျားဖျန့်လုပ်ကိုင်သူများကို အကြီးမားဆုံး အရေးယူနှိမ်နင်းမှုဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် POGO ဟု ဒေသတွင်း ခေါ်ဆိုကြသည့် အွန်လိုင်းလောင်းကစား လုပ်ငန်းလုပ်ကိုင်သူများသည် လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ အွန်လိုင်းလိမ်လည်မှု၊ ပြန်ပေးဆွဲမှုနှင့် လူသတ်မှုတို့အတွက် ဒုစရိုက်အုပ်စုများနှင့် ဆက်နွှယ်နေသည့် အကြောင်းပြချက်ဖြင့် ဖိလစ်ပိုင်အစိုးရက ၂၀၂၄ ခုနှစ်တွင် ယင်းလုပ်ငန်းများကို တားမြစ်ပိတ်ပင်ခဲ့သည်။
စစ်တပ်နှင့် အခြားဥပဒေစိုးမိုးရေး အေဂျင်စီများသည် အောက်တိုဘာ ၂ ရက်က မင်ဒါနာအိုဒေသရှိ နေရာနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး နေရာတစ်ခုတည်းမှပင် တရုတ်နိုင်ငံသား ၁၁၀ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦးနှင့် ဟောင်ကောင်ဒေသခံ ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဗျူရိုက အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒုတိယမြောက်နေရာတွင် တရုတ်နိုင်ငံသားအများစုပါဝင်သည့် အခြား နိုင်ငံခြားသား ၁၃၁ ဦးကို ထပ်မံဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် မလေးရှား၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံသားများလည်း ပါဝင်သည်။
ထို့ပြင် ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများ၊ လက်ပ်တော့ပ်များ နှင့် SIM ကတ် အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများအနက် လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုများကို စုံစမ်းစစ်ဆေးလျက်ရှိပြီး ကျန်ရှိသူများကိုမူ ပြည်နှင်ဒဏ်ပေးသွားမည် ဖြစ်သည်။
"ကျွန်တော်တို့ရဲ့ ပြည်ဝင်ခွင့်ဆိုင်ရာ စည်းကမ်းချက်တွေကို ဖောက်ဖျက်တဲ့ နိုင်ငံခြားသားတွေကို ဥပဒေအရ ဆက်လက်အရေးယူသွားမှာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံကို တရားမဝင် လုပ်ရပ်တွေအတွက် အခြေစိုက်စခန်းအဖြစ် အသုံးပြုတာမျိုး မဖြစ်စေရအောင် သေသေချာချာ ဆောင်ရွက်သွားမှာပါ" ဟု လူဝင်မှုကြီးကြပ်ရေး အကြီးအကဲ ဂျိုးအဲလ် ဗီယာဒိုက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ဝင်ရောက်စီးနင်းမှုများကို ၂၀၂၆ ခုနှစ်အတွင်း အကြီးမားဆုံး POGO နှိမ်နင်းမှုဟု ဖော်ပြထားသည်။
မနီလာမြို့ရှိ တရုတ်သံရုံးကမူ AFP သတင်းဌာန၏ မှတ်ချက်တောင်းခံမှုကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။
Ref: AFP
Photos -BI