Eleven Media Group

ဘယ်လ်ဂျီယံနဲ့ပွဲမှာ ထိရောက်တဲ့ပြောင်းလဲမှုတွေ ပြုလုပ်သွားမယ်လို့ ဇီဒန်း ပြောကြား

Photo: X

ပြင်သစ်လက်ရွေးစင်နည်းပြ ဇီဒန်းက ဘယ်လ်ဂျီယံနဲ့ပွဲမှာ ထိရောက်တဲ့ပြောင်းလဲမှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ပြင်သစ်အသင်းက ဘယ်လ်ဂျီယံအသင်းနဲ့ အိမ်ကွင်းပွဲစဉ်ကို ဒီနေ့ည ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ (၁-၀)ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။
ဇီဒန်းဟာ ပြင်သစ်လက်ရွေးစင်အသင်းကို အခုနိုင်ငံတကာရက်သတ္တပတ်မှာမှ စတင်ကိုင်တွယ်ခြင်းဖြစ်ပြီး Nations League ပွဲစဉ်(၃)ပွဲ ယှဉ်ပြိုင်အပြီးမှာ (၂)ပွဲနိုင်၊ (၁)ပွဲသရေ ရလဒ် ရရှိထားပါတယ်။
ဘယ်လ်ဂျီယံနဲ့ ဒုတိယအကျော့ပွဲကို တိုက်စစ်မှူး အမ်ဘာပေက ဒူးဒဏ်ရာကြောင့် လွဲချော်မှာဖြစ်သလို၊ နောက်ခံလူ အူပါမယ်ကာနိုလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာဖြစ်ကြောင်း သိရပါတယ်။
''ကျွန်တော်တို့ အပြောင်းအလဲတွေလုပ်ရမှာ သေချာပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ (၄)ပွဲမြောက်ဖြစ်ပြီး ဘယ်အရာကိုမှ လွတ်လွတ်လပ်လပ်လုပ်လို့တော့ မရနိုင်ပါဘူး။ ထိရောက်တဲ့ ပြောင်းလဲမှုတွေဖြစ်အောင် လုပ်ဆောင်သွားမှာပါ။ ပြိုင်ဆိုင်နိုင်စွမ်းရှိအောင် လုပ်ဆောင်သွားမှာပါ'' လို့ ဇီဒန်းက ပြောကြားခဲ့ပါတယ်။
ဇီဒန်းက ဘယ်လ်ဂျီယံအသင်းဟာ ပထမအကျော့ဆုံတွေ့ခဲ့စဉ်က အရမ်းကောင်းအောင် ကစားနိုင်ခဲ့ကြောင်းနဲ့ မိမိတို့ကို နည်းစနစ်ပိုင်းအရ အခက်တွေ့အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း သုံးသပ်ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group