
အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း တက်ဒီရှရင်ဂမ်က လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးဖြစ်ပြီး ရွှေဖိနပ်ဆုနဲ့အတူ မြင်တွေ့လိုကြောင်း ပြောကြားခဲ့ပါတယ်။
ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ခ်က ၂၀၂၅ နွေရာသီမှာ နယူးကာဆယ်ကနေ လီဗာပူးလ်ကို ပေါင်(၁၂၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပေမဲ့ လက်ရှိရာသီမှာတော့ ပြိုင်ပွဲစုံ(၇)ပွဲမှာ (၄)ဂိုးသွင်းပြီး ခြေစွမ်းပြနေပါတယ်။
ပရီးမီးယားလိဂ်ရွှေဖိိနပ်ဆု(ဂိုးသွင်းဘုရင်ဆု)အတွက် ပြိုင်ဆိုင်မှုမှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်း(၅ ဂိုး)ရဲ့နောက် ဒုတိယအများဆုံးအဖြစ် ရပ်တည်နေပါတယ်။
''ကျွန်တော့်အတွက်တော့ သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးပါ။ သူက အံ့ဖွယ်ထူးကဲသူပါ။ သူ့ကို ဒီနှစ် ရွှေဖိနပ်ဆုနဲ့အတူ မြင်တွေ့ချင်မိပါတယ်။ အာလင်းဟာလန်းကို အနိုင်ရရုံတင်မဟုတ်ပါဘူး။ လက်ရှိအချိန်မှာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို သူပြန်ရနေပါပြီ'' လို့ ရှရင်ဂမ်က ပြောကြားခဲ့ပါတယ်။
ရှရင်ဂမ်(၆၀ နှစ်)ဟာ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကို စပါးကစားသမားဘဝမှာ ပထမဆုံးရယူနိုင်ခဲ့သူဖြစ်ပြီး မန်ယူကစားသမားဘဝမှာ ဖလားသုံးလုံးအောင်ပွဲ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။