
အီတလီလက်ရွေးစင်နည်းပြ ရောဘတ်တိုမန်စီနီက တူရကီအသင်းကို အလွယ်တကူအနိုင်ရမယ်လို့ တွေးခဲ့ရင် အကြီးမားဆုံးအမှား ဖြစ်သွားလိမ့်မယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အီတလီအသင်းဟာ Nations League ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်(၄)အဖြစ် ဒီညမှာ တူရကီအသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ (၄-၁)ဂိုးနဲ့ အနိုင်ရထားပါတယ်။
ဒါကြောင့် အီတလီအသင်း နိုင်ပွဲထပ်ရဖို့ အလေးပေးခံထားရတဲ့အတွက် ပြိုင်ဘက်ကို လျှော့မတွက်သင့်ကြောင်း မန်စီနီက ပြောကြားခဲ့တာပါ။
''ဒီပွဲကို လွယ်ကူမယ်လို့တွေးရင် အကြီးမားဆုံးအမှား ဖြစ်သွားပါလိမ့်မယ်။ သူတို့ ဘယ်လ်ဂျီယံကို ရှုံးနိမ့်ခဲ့ရုံနဲ့ လျှော့တွက်လို့ မရပါဘူး။ သူတို့မှာ အရည်အသွေးရှိတဲ့ ကစားသမားများစွာရှိနေပြီး ကမ္ဘာ့ဖလားမှာ ကံမကောင်းခဲ့တာပါ'' လို့ မန်စီနီက ပြောကြားခဲ့ပါတယ်။
မန်စီနီက လက်ရှိအခိုက်အတန့်မှာ အီတလီအသင်းနဲ့ ပတ်သက်နေသူတွေအားလုံး စိုးရိမ်ပူပန်မှုတွေ များပြားနေပြီး တည်ငြိမ်မှုရှိဖို့ လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
မန်စီနီက နိုင်ပွဲအတွက် အရမ်းစိတ်လှုပ်ရှားတာရော ရှုံးပွဲအတွက် အရမ်းစိတ်ဓာတ်ကျတာရော မဖြစ်သင့်ဘူးလို့လည်း ဆိုခဲ့ပါတယ်။