Eleven Media Group

ဒက်ကလန်ရိုက်စ်နဲ့ အာဆင်နယ်အသင်း သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေ

Photo: X

အာဆင်နယ်အသင်းဟာ အင်္ဂလန်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ ဒက်ကလန်ရိုက်စ်ကို ၂၀၂၃ နွေရာသီမှာ ဝက်စ်ဟမ်းအသင်းကနေ ပေါင်(၁၀၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိစာချုပ်က ၂၀၂၈ နွေရာသီမှာ ကုန်ဆုံးမှာပါ။
ဒက်ကလန်ရိုက်စ်ဟာ အသင်းကို စတင်ရောက်ရှိချိန်ကတည်းက အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြရပ်တည်နိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းက နှစ်ရှည်သက်တမ်းတိုးစာချုပ်ချုပ်ဆိုပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒက်ကလန်ရိုက်စ်ဟာ လက်ရှိအချိန်မှာ တစ်ပတ်လစာ ပေါင်(၂၄၀၀၀၀)ရရှိနေပြီး စာချုပ်သက်တမ်းတိုးပြီးရင်တော့ တိုက်စစ်ကစားသမား ဆာကာနည်းတူ တစ်ပတ်ပေါင်(၃၅၀၀၀၀)ဝန်းကျင် ရရှိသွားမှာဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ နည်းပြ အာတေတာကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီးနောက် အမာခံကစားသမားတွေကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒက်ကလန်ရိုက်စ်(၂၇ နှစ်)ဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၆၅)ပွဲကစားကာ (၂၁)ဂိုး သွင်းယူထားသူဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်နည်းပြ တူဟယ်လ်ကတော့ ဥရောပရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်း ညွှန်းဆိုထားပါတယ်။

မူရင်းသတင်း — Eleven Media Group