
တူရကီအသင်းဟာ Nations League ပြိုင်ပွဲမှာ (၄)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ မွန်တဲလားကို ရာထူးကထုတ်ပယ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
တူရကီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအောက်ဆုံးနေရာသာ ရရှိခဲ့သလို၊ ၂၀၂၆-၂၇ ရာသီ Nations League ပြိုင်ပွဲမှာလည်း ပြင်သစ်၊ အီတလီ(နှစ်ကျော့)၊ ဘယ်လ်ဂျီယံတို့ကို (၄)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာပါ။
ဒါကြောင့် တူရကီဘောလုံးအဖွဲ့ချုပ်က နည်းပြ မွန်တဲလားကို ရာထူးက ထုတ်ပယ်ပြီး ရှက်တာဒိုးနက်အသင်းနည်းပြ အာဒါတူရန်ကို အစားထိုးခန့်အပ်ဖို့ စီစဉ်နေကြောင်း သတင်းထွက်လာပါတယ်။
အီတလီလက်ရွေးစင်ကစားသမားဟောင်း မွန်တဲလား(၅၂ နှစ်)ဟာ ၂၀၂၃ ခုနှစ်မှာ တူရကီအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပါတယ်။
ဒါကြောင့် တူရကီဘောလုံးအဖွဲ့ချုပ်က မွန်တဲလားကို ရာထူးက ထုတ်ပယ်မယ်ဆိုရင် လျော်ကြေးငွေ ယူရို(၁)သန်းနီးပါး ပေးချေရမှာဖြစ်ကြောင်း သိရပါတယ်။
မွန်တဲလားဟာ တူရကီအသင်းကို ပွဲ(၄၀)ကိုင်တွယ်ရာမှာ (၂၁)ပွဲနိုင်၊ (၅)ပွဲသရေ၊ (၁၄)ပွဲရှုံးခဲ့ပြီး နိုင်ပွဲရာခိုင်နှုန်း (၅၂.၅၀)ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရပါတယ်။