Eleven Media Group

မန်စီးတီး - PSG ချန်ပီယံလိဂ်ပွဲကို ဂွါဒီယိုလာ သွားရောက်ကြည့်ရှုမယ်

Photo: X

မန်စီးတီးအသင်းရဲ့ နည်းပြဟောင်း ဂွါဒီယိုလာဟာ အခုတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် မန်စီးတီး - PSG ချန်ပီယံလိဂ်ပွဲကို သွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို (၁၀)နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့မေလမှာ လမ်းခွဲခဲ့တာဖြစ်ပြီး လမ်းခွဲပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မန်စီးတီးအသင်းရဲ့ပွဲစဉ်ကို သွားရောက်ကြည့်ရှုမှာပါ။
မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်ခဲ့မှုကြောင့် လက်ရှိအချိန်မှာ အရေးယူအပြစ်ပေးမှု ခံရတော့မယ့်အခြေအနေဖြစ်ပြီး ဂွါဒီယိုလာက အသင်းဟောင်းဘက်မှာ ရပ်တည်ကြောင်းပြသတဲ့အနေနဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲကို သွားရောက်ကြည့်ရှုဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ PSG အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် ပွဲကျပ်နှစ်ပွဲ ဆက်တိုက်ယှဉ်ပြိုင်ရမှာပါ။
မန်စီးတီးအသင်းဟာ နည်းပြသစ် မာရက်စကာရဲ့ ဦးဆောင်မှုအောက်မှာ ပြိုင်ပွဲစုံ (၇)ပွဲဆက်တိုက် အနိုင်ရရှိထားကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group