Eleven Media Group

ချန်ပီယံလိဂ်ဖလားရရင် အာတေတာကို ရုပ်တုထုပြီး ဂုဏ်ပြုမယ်လို့ သတင်းထွက်

Photo: X

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ အာဆင်နယ်အသင်းက ချန်ပီယံလိဂ်ဖလားရရင် နည်းပြ အာတေတာကို ရုပ်တုထုပြီး ဂုဏ်ပြုပေးမယ်လို့ ကတိပြုထားကြောင်း သတင်းထွက်လာပါတယ်။
အာဆင်နယ်အသင်းဟာ အာတေတာကို ၂၀၃၀ အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ရာမှာ အဲဒီလို ကတိပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
အာတေတာဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့တဲ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဆုဖလားရဖို့ နီးစပ်ခဲ့ပြီး ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းက အာတေတာရဲ့ ဦးဆောင်မှုနဲ့ အင်အားအကောင်းဆုံးအချိန်အခါ ရောက်နေချိန်မှာ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းက အာတေတာကို ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံးနည်းပြဖြစ်စေမယ့် တစ်နှစ်လစာ ပေါင်သန်း(၂၀)အထိ တိုးမြှင့်ပေးခဲ့သလို၊ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လို အဓိကဆုဖလားတွေ ရယူနိုင်တိုင်း လစာ(၁၀)ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ပေးအပ်ဖို့ ကတိပြုထားကြောင်းလည်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါးကို ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်နေတဲ့ပုံ ရုပ်တုထုလုပ်ပြီး ဂုဏ်ပြုထားပါတယ်။

မူရင်းသတင်း — Eleven Media Group