
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး၏နေရာတွင် ခေါင်းဆောင်သစ်တစ်ဦး အစားထိုးတင်မြှောက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲ မတိုင်မီ သီတင်းပတ်အနည်းငယ်အလိုတွင် အမေရိကန်၌ လောင်စာဆီစျေးနှုန်းများ မြင့်တက်နေသည့် ဖိအားများနှင့် ရင်ဆိုင်နေရသော ထရန့်သည် ရုရှား၏ ဒီဇယ်များအပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးခဲ့ခြင်းကို ဇယ်လန်းစကီးက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ ပြီးနောက် ထရန့်၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
စွမ်းအင်စရိတ် မြင့်မားမှုကြောင့် နိုဝင်ဘာလတွင် ပြုလုပ်မည့် သက်တမ်းဝက် ရွေးကောက်ပွဲတွင် အလားအလာ မကောင်းသည့် ရီပတ်ဘလစ်ကန်ပါတီကို ဦးဆောင်နေသည့် ထရန့်က ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းပဋိပက္ခကို ကျေအေးရန် ဆန္ဒပြင်းပြနေကြောင်း ပြောကြားခဲ့ပြီး ရုရှားဒီဇယ်များကို ကမ္ဘာ့စျေးကွက် အတွင်း ပိုမိုရောင်းချခွင့်ပြုသည့် သဘောတူညီချက်ကို ကာကွယ်ပြောဆိုခဲ့သည်။
ထို့အပြင် ထရန့်က ယူကရိန်းသမ္မတသည် ရုရှားနှင့် သဘောတူညီချက်ရရှိရေးကို တားဆီးနေပြီး ရုရှားရေနံချက် စက်ရုံများကို မတိုက်ခိုက်ရန် ညွှန်ကြားချက်များကို လျစ်လျူရှုနေသည်ဟု စွပ်စွဲခဲ့သည်။
တစ်ချိန်တည်းမှာပင် ယူကရိန်းနှင့် ၎င်း၏ ဥရောပမဟာမိတ်များကမူ ရုရှားအပေါ် ဖိအားများ ဖြေလျှော့ပေးခြင်းသည် ရုရှား၏ စစ်ပွဲအတွက် ရန်ပုံငွေထောက်ပံ့ပေးရာ ရောက်လိမ့်မည်ဟု သတိပေးခဲ့ကြသည်။
သမ္မတ ထရန့်က ရုရှားသမ္မတ ပူတင်နှင့် စကားပြောဆိုခဲ့ပြီး ကမ္ဘာ့စျေးကွက်အတွင်းသို့ ရုရှားဒီဇယ် ပမာဏအများအပြား ထုတ်ရောင်းခွင့်ပြုရန် သဘောတူခဲ့ကြောင်း အောက်တိုဘာ ၉ ရက်က ကြေညာခဲ့သည်။
ယူကရိန်းသမ္မတ ဇယ်လန်းစကီးကမူ ရုရှားဒီဇယ်များကို ထုတ်ရောင်းခွင့်ပြုခြင်းသည် အားနည်းသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
အဆိုပါ ဝေဖန်မှုများနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ထရန့်က ဇယ်လန်းစကီးသည် ရုရှားရေနံ ချက်စက်ရုံများကို မတိုက်ခိုက်ရန် မိမိ၏အမိန့်များကို မနာခံခဲ့ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုများသည် အမေရိကန်၊ အစ္စရေးနှင့် အီရန်စစ်ပွဲနှင့် ဆက်စပ်နေသော လောင်စာဆီ ပြတ်လပ်မှုများကို ပိုမိုဆိုးရွားစေသည့် စွန့်စားမှု ဖြစ်စေကြောင်း ပြောဆိုခဲ့သည်။
“သူ့ (ဇယ်လန်းစကီး)အနေနဲ့ အမြန်ဆုံးရပ်တန့်လိုက်တာ ကောင်းလိမ့်မယ်။သဘောတူညီချက် ရယူနိုင်မယ့် ခေါင်းဆောင်သစ်တစ်ယောက်ကို ရွေးချယ်ဖို့ ကျွန်တော်အကြံပြုပါတယ်။ ဘာကြောင့်မှန်းမသိဘဲ သူ (ဇယ်လန်း စကီး) ဘယ်တော့မှ မလုပ်ခဲ့တဲ့ သဘောတူညီချက် အများအပြားကို သူအရင်ကတည်းက လုပ်ခဲ့လို့ ရနိုင်ပါတယ်” ဟု ထရန့်က ပြောကြားခဲ့သည်။
“ရုရှားက သဘောတူညီချက်တစ်ခု ရယူချင်နေပါတယ်။ ဒါပေမဲ့ ဇယ်လန်းစကီးကတော့ သဘောတူညီချက် မလုပ်ချင်ပါဘူး။ ပူတင်က စစ်ပွဲကို ကျေအေးဖို့ ပြင်းပြတဲ့ဆန္ဒရှိနေပါတယ်” ဟု ထရန့်က ပြောကြားခဲ့သည်။
ထို့အပြင် အမေရိကန်သမ္မတသည် ၂၀၂၂ ခုနှစ် ရုရှားကျူးကျော်ဝင်ရောက်မှု စတင်ကတည်းက ယူကရိန်းတွင် ရွေးကောက်ပွဲ မကျင်းပခဲ့သည့်အတွက် ဇယ်လန်းစကီးကို ဝေဖန်ခဲ့သည်။
“ကျွန်တော့်အမြင်တော့ သူရွေးကောက်ပွဲ ကျင်းပသင့်ပါတယ်။ သူသာ ဆန္ဒရှိရင် ဒီစစ်ပွဲကိစ္စကို အကြိမ်ကြိမ် အပြတ်ရှင်းပြီး သဘောတူညီချက် ရယူနိုင်ခဲ့တာ ကြာပါပြီ” ဟု ထရန့် က ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာကဲလက်စ်ကမူ ရုရှားဒီဇယ်များအပေါ် ပိတ်ဆို့မှုများ ရုပ်သိမ်းပေးခြင်းသည် ရုရှား၏ စစ်ပွဲကြိုးပမ်းအားထုတ်မှုများကို အထောက်အကူပြုရာရောက်ပြီး ရုရှားအပေါ် ဖိအားများကို ဖြေလျှော့ပေးရမည့် အချိန်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
Ref:AFP