
(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် ပုလဲအတွဲပေါင်း၂၂၈ တွဲ ရောင်းချခဲ့ကြောင်း သိသည်။
(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို အောက်တိုဘာ ၁၁ ရက်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက် စိမ်းခန်းမအတွင်းအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်မျက်အတွဲများ၊ ကျောက်စိမ်းအတွဲများကို လေ့လာကြည့်ရှုကြကြောင်း သိရသည်။
စတုတ္ထနေ့ပြပွဲတွင် တင်ဒါအမှတ် (၅)မှ ပုလဲအတွဲ ၁၂၀ ၏ အတွဲအမှတ် (၄၆၁) မှ အတွဲအမှတ် (၅၈၀) အထိကိုလည်းကောင်း၊ တင်ဒါအမှတ်(၆)မှ ပုလဲအတွဲ ၁၂၀ ၏ အတွဲအမှတ် (၅၈၁)မှ အတွဲအမှတ်(၇၀၀) အထိကိုလည်းကောင်း ပြည်တွင်းပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၂၈ တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ပြပွဲကျင်းပရာ ကျောက်ခင်းကွင်းနေရာအလိုက် ကျောက်စိမ်းအတွဲများ ခင်းကျင်းပြသထားမှုနှင့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက မိမိတို့ ကြိုက်နှစ်သက်သည့် ကျောက်အတွဲများအား တင်ဒါထည့်သွင်းနိုင်ရေး ကြည့်ရှုစစ်ဆေးနေမှုများကို လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့ပြင် ပြပွဲပဉ္စမနေ့တွင်ရောင်းချမည့် ကျောက်မျက်အတွဲပေါင်း ၁၆၀ ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြကြောင်း သိရသည်။
ထို့အတူ အုပ်စု(အေ၊ ဘီ၊ စီ) သုံးအုပ်စု ခွဲခြားထားသည့် ကျောက်စိမ်းအတွဲပေါင်း ၃၀၇၃ တွဲအနက် အုပ်စု(အေ) နှင့် အုပ်စု (ဘီ) မှ ကျောက်စိမ်းအတွဲပေါင်း ၁၆၀၅ တွဲကို အောက်တိုဘာ ၁၃ ရက် မှ ၁၅ ရက်အထိ လည်းကောင်း၊ အုပ်စု(စီ) မှ ကျောက်စိမ်းအတွဲပေါင်း ၁၄၆၈ တွဲကို အောက်တိုဘာ ၁၆ ရက်မှ ၁၇ ရက်အထိ လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၈ ရက်မှစတင်ကျင်းပခဲ့ရာ အောက်တိုဘာ ၁၇ ရက် အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။