Eleven Media Group

■ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ဦးမြို့နယ်ရှိ ပုဂံမြို့သစ်၊ ဖွားစောကျေးရွာအုပ်စုနှင့် ညောင်ဦး-ပုဂံမြို့သစ်လမ်းတို့တွင် ရေကျော်မှုဖြစ်ပွား

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ညောင်ဦးမြို့နယ်ရှိ ပုဂံမြို့သစ်၊ ဖွားစောကျေးရွာအုပ်စုနှင့် ညောင်ဦး-ပုဂံမြို့သစ်လမ်းတို့တွင် ရေကျော်မှုဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာ ၁၂ ရက်) နံနက် ၉ နာရီ ၁၀ မိနစ်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံမြို့သစ်၊ ဖွားစောကျေးရွာအုပ်စု၊ ညောင်ဦး-ပုဂံမြို့သစ်လမ်းတွင် ရေကျော်မှုဖြစ်ပွားခဲ့ပြီး ညောင်ဦးမြို့နယ်မီးသတ်စခန်းနှင့် ပုဂံနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ပုဂံမြို့သစ်၊ ကျန်စစ်သားရပ်ကွက်၊ ကျော်စွာရပ်အတွင်း ရေဝင်ရောက်မှုဖြစ်ပွားပြီး နေအိမ်ခြံစည်းရိုး အုတ်တံတိုင်း ပေ ၅၀ ခန့်ပြိုကျခဲ့သည့်အတွက် ညောင်ဦးခရိုင်/မြို့နယ်မီးသတ်စခန်းနှင့် ပုဂံနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ရေစုပ်စက် သုံးလုံးဖြင့် ရေစုပ်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group