
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံသို့ အမည်စာရင်းပေးပို့ထားကြောင်း ယနေ့(အောက်တိုဘာ ၁၂ ရက်)တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်နာယက ဦးအောင်လင်းဒွေးက အသိပေးခဲ့သည်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံ အောက်တိုဘာ ၁၀ ရက်က ပေးပို့ထားသည့် စာအရ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုသော ပုဂ္ဂိုလ်များမှာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောာင်စုဝန်ကြီးအဖြစ် ဒေါက်တာကိုကိုလွင် တို့ဖြစ်ကြောင်းသိရသည်။
ထိုသို့ နိုင်ငံတော်သမ္မတက ခန့်အပ်ရန် အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးနှစ်ဦးအား အတည်ပြုခန့်အပ်ရန်(သို့မဟုတ်) အရည်အချင်းမပြည့်မီကြောင်းကန့်ကွက်ရန်ရှိပါက ကန့်ကွက်ဆွေးနွေးမှုကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေး(ပဉ္စမနေ့)တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ယခင်ကာကွယ်ရေးဦးစီးချုပ်(လေ) တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးထွန်းအောင်က တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပြီး ယခုအခါ ၎င်း၏နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား အစားထိုးခန့်အပ်ရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့တင်ပြခြင်းဖြစ်သည်။
ထို့အတူ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ထမ်းနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောာင်စုဝန်ကြီးဒေါက်တာစိုးဝင်း၏ နေရာတွင် ဒေါက်တာကိုကိုလွင်အား အစားထိုးခန့်အပ်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် လက်ရှိတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ တာဝန်ဆောင်ရွက်နေသူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် အစိုးရသက်တမ်းကာလတွင်လည်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးစသည့်တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။