
Flydubai လေယာဥ်ပေါ်တွင် တိုက်ခိုက်ခဲ့သည့် တွဲဖက်လေယာဥ်မှူးနှင့် အဆက်အသွယ်ရှိသည်ဆိုသည့် စွပ်စွဲချက်များကို သြစတြေးလျနိုင်ငံရှိ အစ္စလာမ်မစ် အဖွဲ့အစည်းတစ်ခုက ငြင်းဆိုခဲ့သည်။
စက်တင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့သည့် Flydubai လေယာဉ်ဖြစ်စဉ်တွင် လေယာဉ်ကို ပြန်ပေးဆွဲရန် ကြံစည်ခဲ့သူဟု စွပ်စွဲခံထားရသည့် တွဲဖက်လေယာဉ်မှူး ဟာမမ် အယ်လ် ဟာမာမီသည် မဲလ်ဘုန်းမြို့ရှိ My Centre အမည်ရှိ အစ္စလာမ်မစ်အဖွဲ့အစည်းနှင့် ဆက်စပ်နေကြောင်း ယူအေအီး အစိုးရရှေ့နေများက စွပ်စွဲခဲ့ပြီးနောက် အဆိုပါ အစ္စလာမမစ်အဖွဲ့ကို စီမံခန့်ခွဲသည့် အမျိုးသားတစ်ဦးက စွပ်စွဲချက်များသည် မှားယွင်းနေကြောင်း ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
ယူအေအီးတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အိုမန်နိုင်ငံသား တွဲဖက်လေယာဉ်မှူး ဟာမာမီသည် အယ်ကေဒါအဖွဲ့၏ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် (9/11) အကြမ်းဖက်တိုက်ခိုက်မှုများကို နမူနာယူကာ လူအများအပြား သေဆုံးစေရန် ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယူအေအီး အစိုးရရှေ့နေ၏ တွေ့ရှိချက်များကို မီဒီယာများတွင် ဖော်ပြခဲ့သည်။
အစိုးရရှေ့နေ၏ ပြောကြားချက်အရ အဆိုပါ တွဲဖက်လေယာဉ်မှူးသည် သြစတြေးလျတွင် ပညာသင်ကြားနေချိန်အတွင်း အစွန်းရောက် စာပေများကို ဖတ်ရှုခြင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် အသေခံတိုက်ခိုက်မှုများကို ချီးကျူးဂုဏ်ပြုသည့် အွန်လိုင်း အကြောင်းအရာများကို ကြည့်ရှုခြင်းမှတစ်ဆင့် စတင်အစွန်းရောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၎င်းသည် သြစတြေးလျတွင်ရှိစဉ် အဘူ ဟမ်ဇာ အမည်ရှိ လက်ဘနွန် အမျိုးသား စီမံခန့်ခွဲသည့် My Centre ဟု လူသိများသော အဖွဲ့အစည်းတစ်ခုနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ကြောင်း အစိုးရရှေ့နေက အခိုင်အမာ စွပ်စွဲထားသည်။
အဘူ ဟမ်ဇာကမူ ၄င်းအပေါ် စွပ်စွဲချက်များသည် မဟုတ်မှန်သည့် စွပ်စွဲချက်များဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်တွင် ဗီဒီယိုတင်ပြီး ပြောကြားခဲ့သည်။
"ခေတ်အဆက်ဆက်မှာ ဖြောင့်မတ်သူတွေဟာ အမြဲတမ်း တိုက်ခိုက်ခံရတယ်၊ စော်ကားခံရတယ်၊ စွပ်စွဲခံရတယ်၊ အသတ်ခံရတယ်၊ ထောင်ချခံရတယ်။ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝပါပဲ။ တစ်ခါတစ်လေမှာ ဘာမှ မပြောဘဲ နေလိုက်တာ အကောင်းဆုံးပါပဲ။ သူတို့ကတော့ သင့်ကို ဆက်ပြီး စွပ်စွဲနေကြဦးမှာပါ။ မမှန်မကန် စွပ်စွဲချက်တွေ ပြုလုပ်နေကြဦးမှာပါ" ဟု ၎င်းက ပြောခဲ့သည်။
သို့သော် အဘူ ဟမ်ဇာသည် ယူအေအီး အစိုးရရှေ့နေ၏ စွပ်စွဲပြောဆိုချက်များနှင့် ပတ်သက်ပြီး တိုက်ရိုက် မှတ်ချက်ပေးပြောဆိုခြင်း မရှိခဲ့ပေ။
Ref: AFP