Myanmar National Post

တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုဖြစ်ပွားခဲ့သည့် နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


နေပြည်တော်၊ အောက်တိုဘာ ၁၂

မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ် (Land Depression)၏ အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၂၆ ရက် ညနေပိုင်းမှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းပြီး မြို့နယ်အချို့တွင် မြစ်ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့်အပြင် ထားဝယ်- လောင်းလုံး- ကျောက်နီမော် - ရှင်မော်လမ်းမကြီးပေါ်ရှိ နေရာအချို့တွင် ရေကျော်ခြင်း၊ မြေပြိုကျ၍ လမ်းပိတ်ခြင်းနှင့် လမ်းပေါ်ရှိ တံတားများတွင် အမှိုက်များပိတ်ဆို့ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ထားဝယ် - လောင်းလုံး - ကျောက်နီမော်- ရှင်မော်လမ်းမကြီးပေါ်ရှိ ပြိုကျ၍ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည့် နေရာများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာရပ်ကွက်များတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများပါဝင်သော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် လူအင်အား၊ စက်ယန္တရားများ အသုံးပြု၍ အပျက်အစီးများဖယ်ရှားခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းပေါ်ရှိ မြေစိုင်ခဲများ ဖယ်ရှားခြင်းများ ဆက်လက်ဆောင်ရွက်ပေးပြီး သောက်သုံးရေများဖြန့်ဝေပေးသည်။

ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက လောင်းလုံးမြို့ဝန်းကျင်ဒေသရှိ သဗျာ၊ ပညှင်း၊ ညှင်းမှော်၊ ပြင်းထိန်၊ ပိန်းရှောင်၊ စန်းလှမ်း၊ အင်း ဇောက်၊ ပဉ္စသီမော်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post